ရုရှားသမ္မတပူတင်နှင့် ဘရူနိုင်းဘုရင်တို့ ကုန်သွယ်ရေးနှင့် ရေနံရောင်းချရေး ဆွေးနွေး
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ဘရူနိုင်းဘုရင် ဟတ်ဆန်နယ်လ် ဘိုလ်ကီးယားနဲ့ မော်စကိုမြို့တော်မှာ နိုဝင်ဘာ ၂၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
တွေ့ဆုံပွဲအစမှာ ရုရှားသမ္မတက အခုနှစ်မှာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့တဲ့ ၃၅ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တယ်လို့ ပူတင်က ပြောပါတယ်။
ဒီကာလအတွင်း ကဏ္ဍစုံမှာ ဆက်ဆံရေး တိုးတက်ခိုင်မာလာစေဖို့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရခဲ့တယ်လို့ ပူတင်ကပြောပါတယ်။
၂၀၂၆ ခုနှစ်မှာ ရုရှားနဲ့ ဘရူနိုင်းနိုင်ငံတို့အကြား ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ ကျော်လိမ့်မယ်လို့ ရုရှားသမ္မတက ပြောပါတယ်။
မကြာသေးမီနှစ်တွေအတွင်း ဘရူနိုင်းနိုင်ငံဟာ ရုရှားနိုင်ငံနဲ့ ကုန်သွယ်မှုကို တိုးမြှင့်လာခဲ့ပြီး ရုရှားရေနံကို အဓိကဝယ်တဲ့ နိုင်ငံတနိုင်ငံ ဖြစ်လာခဲ့တယ်လို့ ရုရှားမီဒီယာ TASS သတင်းဌာနက ပြောပါတယ်။
၂၀၂၅ ခုနှစ်မှာ ရုရှားရေနံဟာ ဘရူနိုင်းနိုင်ငံရဲ့ စုစုပေါင်းတင်သွင်းမှုပမာဏရဲ့ ၁၇ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။
ရုရှားနိုင်ငံအနေနဲ့ ဘရူနိုင်းနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့ ရည်ရွယ်ထားတယ်လို့ ပူတင်က ပြောပါတယ်။
ဒီပူးပေါင်းဆောင်ရွက်မှုတွေထဲမှာ ကောက်ပဲသီးနှံတွေ၊ ဓာတ်မြေသြဇာတွေနဲ့ ဟာလာလ် အသားတွေ တင်ပို့ရောင်းချဖို့လည်း ပါတယ်လို့ ပူတင်က ပြောပါတယ်။
အခုခရီးစဉ်ဟာ ဘရူနိုင်းဘုရင် အနေနဲ့ အခုနှစ်အတွင်း ရုရှားနိုင်ငံဆီ ဒုတိယအကြိမ် လာရောက်လည်ပတ်တာ ဖြစ်ပါတယ်။
Source: Reuters











