နိုင်သူမရှိနိုင်သည့် နျူကလီးယားစစ်ပွဲ မဆင်နွှဲသင့်ဟု ထရမ့်ပ်-ပူတင်-ရှီ ကြေညာ
နျူကလီးယားစစ်ပွဲဆိုတာ အနိုင်မရနိုင်သလို ဘယ်တော့မှလည်း မဆင်နွှဲသင့်ဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတ ရှီချင့်ဖျင်တို့ရဲ့ ပူးတွဲ ငြိမ်းချမ်းရေးကြေညာချက်မှာ ဖော်ပြထားပါတယ်။
ခေါင်းဆောင်သုံးယောက်ဟာ နိုဝင်ဘာ ၁၉ ရက်က တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ APEC ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ပြီး ပထမဆုံးအကြိမ် သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို မိနစ် ၉၀ ကြာ ပြုလုပ်ခဲ့ကြပါတယ်။
ဆွေးနွေးပွဲအပြီး ထုတ်ပြန်တဲ့ ကြေညာချက်မှာ နျူကလီးယားအန္တရာယ် လျှော့ချရေးနဲ့ နျူကလီးယားလက်နက် ပျံ့နှံ့မှု တားဆီးရေး ဆက်လက်ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။
ဒါပေမဲ့ နျူကလီးယားလက်နက် လျှော့ချရေး သဘောတူညီချက် ဒါမှမဟုတ် တိကျတဲ့ အချိန်ဇယားကိုတော့ ထုတ်ပြန်ခဲ့တာမျိုး မရှိပါဘူး။
ကုလသမဂ္ဂ ပြုပြင်ပြောင်းလဲရေးနဲ့ ရေနံထုတ်လုပ်မှု၊ ဖြန့်ဖြူးမှု တိုးမြှင့်ရေးကိုလည်း ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။
ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) အပါအဝင် နိုင်ငံတကာတရားရုံးတွေဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစား မလုပ်သင့်ဘူးလို့လည်း ဖော်ပြထားပါတယ်။
ဒါပေမဲ့ ရုရှားရဲ့ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးနဲ့ ပတ်သက်ပြီး တိကျတဲ့ သဘောတူညီချက် တစုံတရာ မပါဝင်ပါဘူး။
ထရမ့်ပ်ကတော့ ဒီတွေ့ဆုံမှုဟာ သမိုင်းဝင်အောင်မြင်မှုဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး ပူတင်ကလည်း သံတမန်ရေးသမိုင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍတခု ဖြစ်တယ်လို့ ပြောပါတယ်။
ဒီသုံးပွင့်ဆိုင်တွေ့ဆုံမှုကို ဒုတိယကမ္ဘာစစ်ပြီးဆုံးခါနီး ၁၉၄၅ ခုနှစ်က အင်အားကြီးနိုင်ငံတွေ တွေ့ဆုံခဲ့တဲ့ ယော်လ်တာညီလာခံနဲ့ နှိုင်းယှဉ်မှုတွေလည်း ရှိနေပါတယ်။
ပူတင်ကတော့ ယော်လ်တာညီလာခံဟာ ကမ္ဘာကို ခွဲဝေခဲ့တာ မဟုတ်ဘဲ အဲဒီအချိန်က အခြေအနေမှန်ကို အသိအမှတ်ပြုခဲ့တာဖြစ်ပြီး လက်ရှိပဋိပက္ခတွေမှာလည်း မြေပြင်အခြေအနေမှန်ကို လက်ခံဖို့ လိုတယ်လို့ ပြောပါတယ်။
Source: Reuters











