APEC အစည်းအဝေး လာတက်သည့် သမ္မတပူတင် “နျူကလီးယား လက်ဆွဲသေတ္တာ” သယ်လာ

နိုဝင်ဘာ ၁၉ ရက်က ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အစည်းအဝေးရဲ့ အပြင်ဘက်မှာ ရုရှားစစ်ယူနီဖောင်းနဲ့ အမျိုးသားတယောက်ဟာ အနက်ရောင် လက်ဆွဲသေတ္တာတလုံးကို ကိုင်ဆောင်လာတာ တွေ့ရပါတယ်။
အဲဒီနောက် ၃ ပွင့်ဆိုင် ဆွေးနွေးပွဲအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ အတူလိုက်ပါလာတဲ့ ရေတပ်အရာရှိတယောက်ကို နိုင်ငံပိုင်ရုပ်သံကနေ ရိုက်ကူးပြသခဲ့ပြီး ဒါဟာ “နျူကလီးယား လက်ဆွဲအိတ်” ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအရာရှိဘက်ကလည်း ဒါဟာ ရုရှားသမ္မတကိုယ်တိုင် နျူကလီးယား လက်နက်တိုက်ကို တိုက်ရိုက်အမိန့်ပေးနိုင်တဲ့ “Cheget” အမည်ရ သေတ္တာအစစ် ဖြစ်တဲ့အကြောင်း ပြုံးပြရင်း အတည်ပြုပါတယ်။
အလားတူ လက်ဆွဲအိတ်မျိုး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်မှာလည်း ရှိထားပြီး “Nuclear Football” လို့ ခေါ်ဆိုကာ ဘယ်နေရာပဲသွားသွား အမြဲတမ်းလိုလို ပါလာလေ့ရှိပါတယ်။
တရုတ်သမ္မတ ရှီကျင့်ဖျင်ကတော့ ခရီးသွားလာတဲ့အခါ နျူလက်နက်အသုံးပြုရေး အမိန့်ပေးသေတ္တာကို ယူဆောင်လေ့ရှိသလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါ့အပြင် တရုတ်နိုင်ငံဟာ “ကိုယ့်ဘက်ကစပြီး နျူကလီးယားလက်နက် မသုံးစွဲရေးမူဝါဒကို” (No First Use Policy) ကိုင်စွဲထားတဲ့အလျောက် တခြားနိုင်ငံ တနိုင်ငံအနေနဲ့ အရင်တိုက်ခိုက်လာမှသာ ပြန်လည်တုံ့ပြန်မဲ့ သဘောမျိုး ဖြစ်ပါတယ်။
ဒီကနေ့ခေတ် Cheget အိတ်က သမ္မတနဲ့ စစ်ဌာနချုပ်ကို အမိန့်ပေးလို့ရအောင် ချိတ်ဆက်ထားတာသာ ဖြစ်တဲ့အပြင် ရုပ်ရှင်တွေထဲမှာလိုမျိုး နျူကလီးယားဒုံးကျည် တိုက်ရိုက်ပစ်လွှတ်နိုင်တဲ့ အနီရောင်ခလုတ် ပါဝင်မှာတော့ မဟုတ်ပါဘူး။
ရုရှားဆီမှာ အရေးပေါ်အသုံးပြုဖို့ နျူလက်ဆွဲသေတ္တာ ၃ လုံး ရှိတယ်လို့ ယူဆထားပြီး ဒါဟာ သမ္မတ၊ ကာကွယ်ရေးဝန်ကြီးနဲ့ စစ်ဦးစီးချုပ်အတွက်ပဲ ဖြစ်ပါတယ်။
အမေရိကန်မှာဆိုရင်တော့ သမ္မတ တယောက်တည်းသာ အဆုံးအဖြတ်ပေးနိုင်ပေမဲ့ နျူလက်နက် အသုံးမပြုခင် အဆင့်မြင့် စစ်ဘက်ခေါင်းဆောင်တွေဆီက အကြံဉာဏ်တွေကိုတော့ ရယူ တောင်းခံနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ နျူလက်နက် ပိုင်ဆိုင်တာ ၉ နိုင်ငံသာ ရှိပြီး အဲဒီထဲမှာ အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုရီးယားနဲ့ အစ္စရေးတို့ ပါဝင်နေပါတယ်။











