ထရမ့်ပ်က ပူတင်ကို မိတ်ဆွေဟုခေါ်ဆိုမှု ဟစ်တလာကိုခေါ်ဆိုပုံနှင့် တူညီဟု ဇလန်စကီး ဝေဖန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို "ကျုပ်မိတ်ဆွေကြီး" လို့ ခေါ်ခဲ့တာဟာ ထူးဆန်းပြီး ဒုတိယကမ္ဘာစစ်အတွင်း အဒေါ့ဖ် ဟစ်တလာကို မိတ်ဆွေလို့ ခေါ်တာနဲ့ အတူတူပဲလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်စကီးက ပြောလိုက်ပါတယ်။
ဘီဘီစီ သတင်းဌာနနဲ့ အင်တာဗျူးမှာ ဇလန်စကီးက ထရမ့်ပ် ဘာပဲပြောပြော၊ လူမှုကွန်ရက်မှာ ဘာပဲတင်တင် သူ့သဘောဖြစ်ပေမဲ့ ပူတင်ကို မိတ်ဆွေလို့ ခေါ်တာတော့ ထူးဆန်းတယ်လို့ ပြောပါတယ်။
ပူတင်ဟာ ကျူးကျော်သူနဲ့ လူသတ်သမားသာ ဖြစ်လို့ ဘယ်လိုမှ မိတ်ဆွေ မဖြစ်နိုင်သလို၊ ဒုတိယ ကမ္ဘာစစ်တုန်းက ဟစ်တလာကို မိတ်ဆွေကောင်းလို့ ပြောတာနဲ့ အတူတူပဲလို့ သူက ပြောကြား ခဲ့ပါတယ်။
တရုတ်ထိပ်သီးအစည်းအဝေးမှာ ထရမ့်ပ်က ပူတင် ကို "မိတ်ဆွေ" အဖြစ် ပွေ့ဖက်နှုတ်ဆက်ခဲ့ပြီး တပတ်အကြာမှာ ဇလန်စကီး က အခုလို ပြောလာတာပါ။ အဲဒီနောက် ရက်ပိုင်းအတွင်းမှာပဲ ထရမ့်ပ် ဟာ သူတို့နှစ်ဦး လက်ဆွဲနှုတ်ဆက်နေတဲ့ပုံကို Truth Social မှာ တင်ပြီး "ကျနော့်မိတ်ဆွေ" လို့ ခေါင်းစဉ် တပ်ခဲ့ပါတယ်။
ထရမ့်ပ်နဲ့ ဇလန်စကီး တို့ ဆက်ဆံရေး အဆင်မပြေတာ ကြာပြီဖြစ်ပြီး ၂၀၂၅ ဖေဖော်ဝါရီက အိမ်ဖြူတော် ဘဲဥပုံရုံးခန်းမှာ ထရမ့်ပ်က သူ့ကို လူသိရှင်ကြား ဝေဖန်ခဲ့ချိန်မှာ ဆက်ဆံရေး ပိုပျက်ပြားခဲ့ပါတယ်။
မကြာသေးခင်ကလည်း ရုရှားရေနံချက်စက်ရုံတွေကို ယူကရိန်း တိုက်ခိုက်လို့ စွမ်းအင်ဈေးတက် ရတာလို့ ထရမ့်ပ်က အပြစ်တင်ပြီး ထောက်လှမ်းရေးအကူအညီတွေ ဖြတ်မယ်လို့ ခြိမ်းခြောက် ခဲ့ချိန်မှာ ထရမ့်ပ်ရဲ့ ရပ်တည်ချက်ဟာ ရုရှား ဆက်တိုက်ခိုက်ဖို့ အားပေးရာရောက်နေတယ်လို့ ဇလန်စကီးက တုံ့ပြန်ထားပါတယ်။
ဒါ့အပြင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ တိုးတက်ဖို့ လိုသလို အမေရိကန်ဟာ ရုရှားဆီက ကြားနေကျ စကားမျိုးတွေ မဟုတ်ဘဲ ကိုယ်ပိုင်ရပ်တည်ချက် ရှိရမယ်လို့ ဇလန်စကီးက ပြောပါတယ်။
ရုရှားဟာ ကျူးကျော်သူဖြစ်နေချိန်မှာ ကြားဝင်စေ့စပ်ပေးသူအဖြစ် အာဏာနဲ့ လေးစားမှုရှိတဲ့ အင်အားကြီးနိုင်ငံတခုအနေနဲ့ သက်သောင့်သက်သာ ဆွေးနွေးနေရုံတင် မဟုတ်ဘဲ အခြေအနေ အပေါ် ဖိအားပေးရမှာ ဖြစ်သလို၊ အမေရိကန်က အရှေ့အလယ်ပိုင်းကို ပိုအာရုံစိုက် ကူညီခဲ့တာ စိတ်မကောင်းစရာ ဖြစ်ပေမဲ့ ဒါဟာ သူတို့ရွေးချယ်မှုသာဖြစ်တယ်လို့လည်း သူက ပြောဆိုခဲ့ပါတယ်။
Source:Reuters











