အမေရိကန်က အရှေ့အလယ်ပိုင်းကို အာရုံစိုက်လွန်းပြီး ရုရှားကို ဖိအားမပေးကြောင်း ဇလန်းစကီး ဝေဖန်
အမေရိကန်ဟာ အရှေ့အလယ်ပိုင်းကို အာရုံစိုက်လွန်းပြီး ရုရှားကို လုံလောက်တဲ့ဖိအား မပေးနိုင်ဘူးလို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
အမေရိကန်ဟာ ယူကရိန်းတွေ အသက်ရှင်ရေးအတွက် ဘီလစ်စတစ် ဒုံးကျည်ကာကွယ်ရေးလိုမျိုး အရေးကြီးတဲ့ ပေးပို့မှုတွေ နှောင့်နှေးနေပြီး ငြိမ်းချမ်းရေးအတွက်လည်း ရုရှားကို လုံလောက်တဲ့ဖိအား မပေးဘူးလို့ ဇလန်စကီးက စိတ်ပျက်စွာ ပြောခဲ့တာပါ။
ကိယက်ဗ်မြို့ ရုံးခန်းမှာပြုလုပ်တဲ့ ဘီဘီစီနဲ့ အင်တာဗျူးမှာ ဇလန်းစကီးက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ရုရှားသမ္မတ ပူတင်ကို ငါ့မိတ်ဆွေလို့ ခေါ်ဝေါ်ခဲ့ပြီး ပွေ့ဖက်တဲ့ပုံတွေက ဆန်းကျယ်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။
“ပူတင်က ရန်လိုတဲ့သူ၊ လူသတ်သမားတဦး၊ သူနဲ့တော့ မိတ်ဆွေမဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အမေရိကန်သမ္မတ တဦးဖြစ်တဲ့ ထရမ့်ပ် အခုလိုဆက်ဆံမှုက ဆန်းကျယ်ပါတယ်” လို့ ဇလန်းစကီးက ပြောပါတယ်။
ဒုတိယကမ္ဘာစစ်တုန်းက ဟစ်တလာနဲ့ မိတ်ဆွေဖြစ်တယ်လို့ ပြောခဲ့တဲ့ ပုံစံမျိုးပါပဲလို့လည်း သူက ထည့်သွင်းပြောပါတယ်။
ဇလန်းစကီးဟာ ၂၀၂၅ ခုနှစ်က ဘဲဥပုံရုံးခန်းမှာ ထရမ့်ပ်နဲ့ အချင်းများမှု ဖြစ်ပွားခဲ့ချိန်ကစပြီး အမေရိကန်နဲ့ ဆက်ဆံရေးကို သတိထား ဆောင်ရွက်ခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ကိုယ်စားလှယ် ၂ ယောက်က ရုရှား-ယူကရိန်းအရေး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ သူတို့က ယူကရိန်းထက် ရုရှားရဲ့ တောင်းဆိုမှုတွေကိုပဲ ပိုပြီး ပုံဖော်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။
ဒီလအစောပိုင်းက အဘူလ်ဒါဘီမြို့မှာ လုပ်ခဲ့တဲ့ ဆွေးနွေးပွဲကလည်း ထူးခြားတဲ့ ဖြစ်စဉ်မျိုးမရှိဘဲ ဒီဇင်ဘာလမှာ ဆက်ပြီးပြုလုပ်ရမယ်လို့ မျှော်လင့်ရပါတယ်။
အင်တာဗျူးမှာ ဘီလစ်စတစ်ဒုံးကျည်ရန်ကနေ ကာကွယ်ဖို့ ပက်ထရီးရော့စနစ်တွေ ပေးဖို့ အမေရိကန်က နောက်ကျနေတယ်လို့လည်း ဇလန်းစကီးက ထပ်မံပြောဆိုခဲ့တာ တွေ့ရပါတယ်။











