ယူကရိန်း ဒရုန်း ၈၀၀ ကျော် ရုရှားပစ်ချ၊ ရုရှားစစ်ဘက်လေယာဉ်ကွင်းကို ယူကရိန်း တိုက်ခိုက်

ယူကရိန်းဒရုန်း ၈၀၀ ကျော်ကို ရုရှားစစ်သားတွေက ပစ်ချခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနဘက်က ထုတ်ပြန်လိုက်သလို ယူကရိန်းကလည်း ရုရှား စစ်ဘက်သုံး လေယာဉ်ကွင်းကို တိုက်ခိုက်ခဲ့တယ်လို့ ကြေညာပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ယူကရိန်း စွမ်းအင်နဲ့ ပို့ဆောင်ရေး အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပြီး ဒရုန်း ၈၀၀ ကျော် ပစ်ချခဲ့တယ်လို့ ရုရှားက ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့နေ့က ဧရိယာ ၁၄၉ ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ထားပြီး အဲဒီအထဲမှာ ယူကရိန်းတပ်တွေ အသုံးပြုတဲ့ စွမ်းအင်နဲ့ ပို့ဆောင်ရေး အဆောက်အအုံတွေ ပါဝင်ပါတယ်။
ယူကရိန်းတပ်တွေနဲ့ ပြည်ပကြေးစားစစ်သားတွေ ယာယီတပ်စွဲတဲ့ စစ်ဘက်လုပ်ငန်းသုံး အဆောက်အအုံတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ယူကရိန်းရဲ့ ဒရုန်း ၈၆၃ စင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။
အဲဒီတနေ့တည်းမှာပဲ ယူကရိန်းဟာ ရှေ့တန်းမှာ တိုက်ခိုက်မှု ၂၀၃ ကြိမ်အထိ ရှိတယ်လို့ လက်နက်ကိုင်အဖွဲ့ အထွေထွေဝန်ထမ်းအဖွဲ့က ပြောပါတယ်။
ယူကရိန်းလေတပ်၊ ဒုံးကျည်နဲ့ အမြောက်တပ်ဖွဲ့တွေက ရုရှားတပ်တွေ ရှိတဲ့နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နစ်ဇယ်နာဂရော့အော့လက်မှာရှိတဲ့ ရုရှားစစ်ဘက်သုံး လေယဉ်ကွင်းကို တိုက်ခိုက်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ ရုရှား စစ်ဘက်သုံး လေယာဉ် ၅ စင်း ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းကလည်း ယူကရိန်းဒရုန်း ၁,၀၀၀ ကျော် ပစ်ချခဲ့ပြီး စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေး အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ကြေညာခဲ့ဖူးပါတယ်။ အဲဒီတုန်းက ရုရှားကုန်သင်္ဘောတွေကို တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းက ထုတ်ပြန်ပါတယ်။
Source: Reuters











