DVB Logo
Home
နိုင်ငံတကာ

ရုရှားက ယူကရိန်းအပြင် ဥရောပလုံခြုံရေးကို ပိုမိုခြမ်းခြောက်လာဟု ဂျာမနီအဓိပတိ သတိပေး

DVB
·
November 26, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ရုရှားဟာ ယူကရိန်းလောက်နဲ့ တင်းတိမ်မှာမဟုတ်ဘဲ ဥရောပရဲ့ လုံခြုံရေးကို ပိုမိုခြိမ်းခြောက် လာနေတယ်လို့ ဂျာမနီအဓိပတိ ဖရီးဒရစ်မာ့ဇ်က နိုဝင်ဘာ ၂၅ ရက်မှာ သတိပေးလိုက်ပါတယ်။ 

ယူကရိန်းကို စစ်ရေးအကူအညီပေးနေတာ ရပ်ဆိုင်းဖို့ လက်ယာစွန်း AfD ပါတီနဲ့ လက်ဝဲစွန်း Die Linke (The Link) ပါတီတို့က တောင်းဆိုနေပါတယ်။ 

ဒါကြောင့် မာ့ဇ်က ၂၀၂၇ ခုနှစ် ဘတ်ဂျက်မူကြမ်းနဲ့ပတ်သက်တဲ့ လွှတ်တော်ဆွေးနွေးပွဲမှာ တုံ့ပြန် ခဲ့တာဖြစ်ပါတယ်။ 

“ရုရှားက သူဘာလိုချင်သလဲဆိုတာ ကောင်းကောင်းသိပါတယ်၊ ရုရှား လိုချင်နေတာက ယူကရိန်း ထက် ပိုပါတယ်” လို့ မာ့ဇ်က ပြောပါတယ်။ 

ဘောလ်တစ်ဒေသ၊ ပိုလန်၊ ပင်လယ်နက်နဲ့ အာကာသမှာသာမက ဂျာမနီနိုင်ငံမှာပါ ရုရှားက ခြိမ်းခြောက်မှုတွေ တိုးမြှင့်လာနေတယ်လို့လည်း မာ့ဇ်က စွပ်စွဲပါတယ်။ 

ရုရှားကတော့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ဖို့ ရည်ရွယ်ထားတာမရှိဘဲ ယူကရိန်းမှာ သူ့ရဲ့ အမျိုးသားလုံခြုံရေးအတွက် ဆောင်ရွက်နေတာသာ ဖြစ်တယ်လို့ အကြိမ်ကြိမ် ပြောထားပါတယ်။ 

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှာ ရုရှားက ယူကရိန်းကို အလုံးအရင်းနဲ့ ကျူးကျော်ခဲ့ချိန်ကစပြီး  ဥရောပနိုင်ငံတွေထဲမှာ ဂျာမနီဟာ  ယူကရိန်းကို စစ်ရေးအကူအညီ အများဆုံးပေးနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ 

ဒါပေမဲ့ လူနေမှုစရိတ် မြင့်တက်လာတာကြောင့် ယူကရိန်းကို စစ်ရေးအကူအညီပေးမှုအပေါ် ဂျာမန်ပြည်သူတွေရဲ့ ထောက်ခံမှု ကျဆင်းလာနေပါတယ်။ 

နိုဝင်ဘာ ၂၄ ရက်က ထုတ်ပြန်ခဲ့တဲ့ လူထုသဘောထားစစ်တမ်းအရ ဂျာမန်ပြည်သူ ထက်ဝက်ကျော်က ယူကရိန်းကို စစ်ရေးအကူအညီပေးနေတာကို ဆန့်ကျင်နေကြပါတယ်။ 

ယူကရိန်းကို ကူညီတာဟာ ဂျာမနီရဲ့ ကိုယ်ပိုင်လုံခြုံရေးကို ကာကွယ်တာလည်း ဖြစ်တယ်လို့ မာ့ဇ်က ပြောပါတယ်။ 

ဂျာမနီအစိုးရဟာ ၂၀၃၀ ပြည့်နှစ်မှာ နှစ်စဉ်ကာကွယ်ရေးအသုံးစရိတ်ကို နှစ်ဆတိုးပြီး ယူရိုဘီလီယံ ၂၀၀ ကျော်၊ တနည်းအားဖြင့် ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ရဲ့ ၃ ဒသမ ၇ ရာခိုင်နှုန်းအထိ သုံးစွဲဖို့ ရည်မှန်းထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013