ယူကရိန်းသမ္မတရုံးနှင့် မိုင်ဝက်ခန့်သာဝေးသည့် အဆောက်အအုံပေါ်ကို ရုရှားဒရုန်းအပိုင်းအစများ ကျရောက်

ယူကရိန်းသမ္မတရုံးနဲ့ မိုင်ဝက်ခန့်သာ ဝေးတဲ့ အဆောက်အအုံတခုပေါ်ကို ရုရှားဒရုန်း အပိုင်းအစတွေ နိုဝင်ဘာ ၂၃ ရက်မှာ ကျရောက်ခဲ့ပါတယ်။
ကြားဖြတ်ဖျက်ဆီးခံလိုက်ရတဲ့ ဒရုန်းတခုက အပိုင်းအစတွေ ယူကရိန်းမြို့တော် ကိယက်ဗ်ရဲ့ မြို့လယ်ခေါင်ကို ကျရောက်လာပုံ ရုပ်သံမှတ်တမ်းတွေကို ရိုက်တာသတင်းဌာနက ထုတ်လွှင့်ခဲ့ပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက မီးလောင်နေတဲ့ အဆောက်အအုံတခုနားမှာ လုပ်ငန်းတွေ လုပ်ဆောင်နေခဲ့ကြပြီး မြို့လယ်ခေါင်က အစိုးရရုံးတွေ တည်ရှိရာ ဧရိယာနားမှာ မီးလောင်နေတဲ့ ကားနှစ်စီးကို မီငြှိမ်းသတ်ခဲ့ကြပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုကြောင့် မြို့တော်ထဲမှာ လူ ၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကိယက်ဗ် မြို့တော်ဝန် ဗစ်တာလီ ကလစ်ချ်ကိုက သောကြာနေ့မှာ ပြောပါတယ်။
ကိယက်ဗ်မြို့၊ ရှက်ဗ်ချန်ကစ်ဗ်စကီခရိုင်မှာ ပစ်ချခံလိုက်ရတဲ့ ရုရှားဒရုန်းတခုရဲ့ အပိုင်းအစတွေကြောင့် ကားနှစ်စီး မီးလောင်ကျွမ်းခဲ့ပြီး ၅ ထပ်တိုက် လူနေအဆောက်အအုံတခုရဲ့ မြေညီထပ် မီးလောင်ခဲ့တဲ့အပြင် လသာဆောင်တွေ ပျက်စီးခဲ့တယ်လို့ ကလစ်ချ်ကိုက ပြောပါတယ်။
ပိုဒီလ်စကီခရိုင်မှာလည်း ရုရှားဒရုန်းတစင်းက ၆ ထပ်တိုက် လူနေအဆောက်အအုံတခုရဲ့ အမိုးကို ဝင်တိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
Source: Reuters











