ရုရှားက ယူကရိန်းဒေသ ၁၀ ခုကို တိုက်ခိုက်မှု ၇၀ ကျော် ပြုလုပ်

ယူကရိန်းနိုင်ငံ ဒေသ ၁၀ ခုကို ရုရှားက နိုဝင်ဘာ ၂၂ ရက်မှာ တိုက်ခိုက်မှု ၇၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ယူကရိန်း ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
ရုရှားတိုက်ခိုက်မှုကြောင့် ကိယက်ဗ်ဒေသ ဒိုင်မာမှာ လူ ၃ ယောက် သေဆုံးခဲ့ပြီး သေဆုံးမှုလည်း မြင့်တက်နိုင်ကြောင်း ရိုက်တာက ဖော်ပြပါတယ်။
ယူကရိန်းနိုင်ငံ၊ ကိယက်ဗ်ဒေသ ဒိုင်မာရှိ လူနေအဆောက်အအုံကို ရုရှားက တိုက်ခိုက်ခဲ့တာကြောင့် လူ ၃ ယောက် သေဆုံးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်ပြီးလုပ်ဆောင်နေတယ်လို့ ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။
ရုရှားက ညလုံးပေါက် တိုက်ခိုက်ခဲ့ပြီးနောက် ၁၄ နာရီအကြာမှာ အပျက်အစီး အုတ်ကျိုးတွေ ကြားထဲက ၇ နှစ်အရွယ် ကလေးတယောက်ကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရှားဟတ်ဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး လူ ၁၀ ယောက် ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ဇလန်းစကီးက ပြောပါတယ်။
လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ နှောင့်နှေးခဲ့ရပါတယ်။
ယူကရိန်းအစိုးရအဖွဲ့ကတော့ ကိယက်ဗ်ဒေသမှာ လူ ၁၀ ယောက် သေဆုံးခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုဟာ တနင်္ဂနွေနေ့ အစောပိုင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အသက် ၇၉ နှစ်အရွယ် အမျိုးသမီးတယောက်လည်း အဆောက်အအုံပြိုကျမှုမှာ အသက်ရှင် လွတ်မြောက်ခဲ့တယ်လို့ ကိယက်ဗ်ဒေသ အကြီးအကဲ တက်ချန်ကိုက ပြောပါတယ်။
ကိယက်ဗ်ဒေသရှိ ဗစ်နဗေးရှိ စတိုးဆိုင်တခုလည်း တိုက်ခိုက်ခံရပြီး လူ ၃ ယောက် သေဆုံးကာ ၁၃ ယောက် ဒဏ်ရာရခဲ့ပါသေးတယ်။
Source: Reuters











