ဘောလ်တစ်ပင်လယ်၌ ရုရှားကုန်တင်သင်္ဘော ဒရုန်းဖြင့်တိုက်ခိုက်ခံရ
ဘောလ်တစ်ပင်လယ်ထဲမှာ ရုရှားကုန်တင်သင်္ဘောတစင်းဟာ နိုဝင်ဘာ ၂၁ ရက်က ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရပြီးတဲ့နောက် မီးလောင်ကျွမ်းခဲ့ပါတယ်။
အဲဒီနောက် သင်္ဘောဟာ ဖင်လန်ရေပိုင်နက်ထဲ မျောပါဝင်ရောက်လာခဲ့လို့ ဖင်လန်အစိုးရက လေကြောင်းနဲ့ ရေကြောင်းသွားလာမှုဆိုင်ရာ ယာယီကန့်သတ်ချက်တွေကို ထုတ်ပြန်ခဲ့ရပါတယ်။
ရုရှားနိုင်ငံရဲ့ ပင်မနယ်မြေနဲ့ အဆက်အစပ်မရှိဘဲ သီးခြားတည်ရှိနေတဲ့ ကာလီနင်ဂရက်ဒေသဆီ ဦးတည်သွားနေတဲ့ စပါတာ-တူးလို့ နာမည်ပေးထားတဲ့ သင်္ဘောဟာ ရုရှားပိုင် ဂေါ့ဂ်လန်ကျွန်းရဲ့ အနောက်ဘက်၊ နိုင်ငံတကာရေပိုင်နက်အတွင်း ပျက်စီးခဲ့တယ်လို့ ဖင်လန်ကာကွယ်ရေးတပ်ဖွဲ့က အတည်ပြု ပြောခဲ့ပါတယ်။
ဒီအချက်ဟာ ရုရှားအရာရှိတွေရဲ့ အရင်ထုတ်ပြန်ချက်နဲ့ ကိုက်ညီနေပါတယ်။ ရေကြောင်းသွားလာမှု ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေအတွက် အန္တရာယ်မရှိဘူးလို့ ဖင်လန် နယ်ခြားစောင့်တပ်ဖွဲ့က ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေလည်း ဖြစ်စဉ်နေရာဆီ ရောက်နေပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
သင်္ဘောက ကျောက်ချရပ်နားထားပြီး သင်္ဘောသားတွေက ဘေးလွတ်ရာဆီ ရွှေ့ပြောင်းထွက်ခွာနေပြီလို့ ဖင်လန်ပင်လယ်ကွေ့က ကမ်းရိုးတန်း အစောင့်တပ်ဖွဲ့မှူး မစ်ကို ဆီမိုလာက သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။
ဒီတိုက်ခိုက်မှုရဲ့ နောက်ကွယ်မှာ ယူကရိန်းနိုင်ငံ ရှိနေနိုင်တယ်လို့ ဖင်လန်လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြောရေးဆိုခွင့်ရှိသူ အာကီ-မော်ရီ ဟွတ်တီနန်က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒီသင်္ဘောကို ဘာကြောင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့လည်း သူက ဖြည့်စွက်ပြောပါတယ်။
အရပ်သားပြည်သူတွေကို ကာကွယ်ဖို့နဲ့ ဒရုန်းတွေကို ကြားဖြတ်ဟန့်တားဖို့လိုရင် တာဝန်ရှိသူတွေက လုပ်ဆောင်နိုင်စေဖို့ ဖင်လန်ပင်လယ်ကွေ့ အရှေ့ပိုင်းမှာ လေကြောင်းနဲ့ ရေကြောင်းသွားလာမှုဆိုင်ရာ ယာယီကန့်သတ်ချက်တွေကို ချမှတ်ထားတယ်လို့ ဖင်လန်အစိုးရက ထုတ်ပြန်ပြောပါတယ်။
Source: Reuters











