ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရုားနှင့် ဆွေးနွေးရန် အသင့်ရှိဟု ဥရောပကြေညာ
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားနဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ဥရောပခေါင်းဆောင်တွေက ကြေညာခဲ့ပြီး ကိယက်ဗ်ဘက်က ထောက်ခံမှုရှိကြောင်း ပြသခဲ့ကြပါတယ်။
နိုဝင်ဘာ ၁၉ ရက်က ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ပြုလုပ်ခဲ့တဲ့ ယူကရိန်းကို ထောက်ခံတဲ့ မဟာမိတ်နိုင်ငံတွေရဲ့ Coalition of the Willing ထိပ်သီးအစည်းအဝေးမှာ အခုလို ထုတ်ပြန်တာ ဖြစ်ပါတယ်။
ဥရောပနိုင်ငံတွေမှာ ရှင်းလင်းပြီး တညီတညွတ်တည်းဖြစ်တဲ့ ဆွေးနွေးရေး ရပ်တည်ချက် ရှိတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် အန်ဒီဘန်နမ်က ပြောပါတယ်။
ဂျာမနီဝန်ကြီးချုပ် ဖရီးဒရစ်ချ်မာ့ဇ် ကလည်း ရုရှားရဲ့ အမြင့်ဆုံး တောင်းဆိုချက်တွေဟာ လက်တွေ့မကျဘူးလို့ ဝေဖန်ပြီး ယူကရိန်းနဲ့ ငြိမ်းချမ်းရေး သဘောတူညီချက် အရင်ရရှိဖို့ လိုတယ်လို့ ပြောပါတယ်။
တရုတ်နိုင်ငံ၊ ရှန်ကျန်းမြို့မှာ ရုရှား၊ တရုတ်ခေါင်းဆောင်တွေနဲ့ တွေ့ပြီး ပြန်လာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကတော့ လေယာဉ်ပေါ်ရောက်နေတာကြောင့် အွန်လိုင်းကနေ အစည်းအဝေး တက်ခဲ့ပါတယ်။
ထရမ့်ပ်ရဲ့ သမက် ဂျရတ် ကုရှ်နာ ကတော့ ယူကရိန်းအတွက် NATO အဖွဲ့ရဲ့ အပိုဒ် ၅ နဲ့ ဆင်တူတဲ့ အပြန်အလှန်ကာကွယ်ရေး လုံခြုံရေးအာမခံချက်ကို ရုရှားဘက်က လက်ခံနိုင်တဲ့ အနေအထား ရှိတယ်လို့ ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးကတော့ ရုရှားသမ္မတဟာ အရင်က ငြိမ်းချမ်းရေး အဆိုပြုချက်တိုင်းကို ပယ်ချခဲ့ကြောင်း ထောက်ပြပြီး “ပူတင်က အမြဲတမ်း ငြင်းခဲ့ပါတယ်” လို့ ပြောပါတယ်။
ပူတင်ကတော့ ဥရောပနိုင်ငံတွေ ဆွေးနွေးပွဲမှာ ပါဝင်တာကို မဆန့်ကျင်ပေမဲ့ သူတို့ရဲ့ ရပ်တည်ချက်ကို အရင်သိဖို့လိုတယ်လို့ ပြောပါတယ်။ ဥရောပကိုယ်စားလှယ်တွေကို မော်စကိုမြို့ဆီ ဖိတ်ခေါ်ထားပါတယ်။
ဂျာမနီဝန်ကြီးချုပ် မာ့ဇ်ကလည်း အင်အားကြီးနိုင်ငံတွေက ဩဇာလွှမ်းမိုးမှုနယ်မြေတွေ ခွဲဝေတဲ့ ၁၉၄၅ ခုနှစ် ယော်လ်တာပုံစံမျိုးနဲ့ ငြိမ်းချမ်းရေးရမှာ မဟုတ်ဘူးလို့ သတိပေးပါတယ်။
တရုတ်နဲ့ ဂျာမနီမှာ ငြိမ်းချမ်းရေးဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာပဲ ရုရှားရဲ့ ဒရုန်းတိုက်ခိုက်မှုကြောင့် ယူကရိန်းမြို့တော် ကိယက်ဗ်မှာ လူတယောက် သေဆုံးပြီး နယ်သာလန်နဲ့ ဩစတြီးယားသံရုံးတွေ အပါအဝင် အဆောက်အအုံ အများအပြား ထိခိုက်ပျက်စီးခဲ့ပါတယ်။
Source: Reuters











