ဒိန်းမတ်၌ အမေရိကန်-ယူကရိန်း နိုင်ငံသား ၂ မျိုး ကိုင်ဆောင်ထားသူ ၁ ဦးကို လုပ်ကြံရန် ရုရှား ကြံစည်

ဥရောပသမဂ္ဂ (EU) အနေနဲ့ ဒိန်းမတ်နိုင်ငံနဲ့အတူ အပြည့်အဝ ရပ်တည်နေပြီး ဒိန်းမတ်နိုင်ငံအတွင်း အမေရိကန်- ယူကရိန်း နိုင်ငံသား ၂ မျိုးကိုင်ဆောင်ထားသူတယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှုကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လေယန်က နိုဝင်ဘာ ၂၁ ရက်မှာ ပြောပါတယ်။
ဒီကြိုးပမ်းချက်ကို ရုရှားထောက်လှမ်းရေးအဖွဲ့တွေက စီစဉ်ညွှန်ကြားတယ်လို့ စွပ်စွဲထားပါတယ်။
ဒါဟာ EU နယ်မြေထဲမှာ လုပ်တဲ့ တိုက်ခိုက်မှုတခုပါ။ ဒါကို လုံးဝ လက်မခံနိုင်ပါဘူး။ ကျမတို့အနေနဲ့ ဒိန်းမတ်နိုင်ငံနဲ့အတူ အပြည့်အဝ ရပ်တည်ပါတယ်။ ဒါ့အပြင် ရုရှားရဲ့ ပေါင်းစပ်တိုက်ခိုက်မှုက ပစ်မှတ်ထားခံရတဲ့ အဖွဲ့ဝင်နိုင်ငံ အားလုံးနဲ့လည်း အတူတကွ ရပ်တည်ပါတယ်"လို့ သူက X လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
စွပ်စွဲချက်တွေက ခိုင်လုံတဲ့ အထောက်အထားမရှိဘူးလို့ ကိုပင်ဟေဂင်မြို့တော်က ရုရှားသံရုံးက နိုဝင်ဘာ ၂၀ ရက်မှာ တုံ့ပြန်ပြောပါတယ်။
EU အနေနဲ့ ကြိုတင်ပြင်ဆင်ချက်တွေနဲ့ တားဆီးကာကွယ်နိုင်စွမ်းကို ပိုအားကောင်းလာစေဖို့ "ဥရောပလုံခြုံရေး မဟာဗျူဟာသစ်" တရပ်ကို မကြာမီ အဆိုပြုတင်ပြသွားမယ်လို့ ဗွန်ဒါလေယန်က ပြောပါတယ်။
Source: Reuters











