DVB Logo
Home
Lead Story

သြစတြေးလျအနေအဖြင့် မြန်မာနျူကလီးယား ဓာတ်အားပေးစက်ရုံကို တားဆီးရန် ကြိုးပမ်းသင့်

DVB
·
November 21, 2026
သြစတြေးလျအနေအဖြင့် မြန်မာနျူကလီးယား ဓာတ်အားပေးစက်ရုံကို တားဆီးရန် ကြိုးပမ်းသင့်
Donate to DVB

သြစတြေးလျအနေနဲ့ မြန်မာနိုင်ငံမှာ တည်ဆောက်ဖို့ အဆိုပြုထားတဲ့ ရုရှား ကျောထောက်နောက်ခံပြု နျူကလီးယား ဓာတ်အားပေးစက်ရုံ စီမံကိန်းကို တားဆီးဖို့ အာဆီယံ ၊ Quad အဖွဲ့တွေနဲ့ အရေးတကြီး ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ တကယ်လို့ ဒီစီမံကိန်းသာ အကောင်အထည်ပေါ်လာရင်၊ ဒေသတွင်း လုံခြုံရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာစေမှာပါ။ လက်ရှိ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်တွေ ဖြစ်နေသလို၊ အုပ်ချုပ်ရေးယန္တရားတွေပြိုကွဲနေပြီး တရားမဝင် မှောင်ခိုကွန်ရက်တွေလည်း ကြီးထွားနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ နျူကလီးယားပစ္စည်းတွေနဲ့ အခြေခံအဆောက်အအုံတွေကို လုံလုံခြုံခြုံ ထိန်းသိမ်းထားနိုင်ပါ့မလား ဆိုတာကို သြစတြေးလျ အနေနဲ့ ယုံကြည်စိတ်ချလို့ မရပါဘူး။

ဒီအဆိုပြုချက်နဲ့ ပတ်သက်ပြီး သြစတြေးလျအစိုးရဘက်က အခုချိန်ထိ တရားဝင် ထုတ်ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ သြစတြေးလျရဲ့ လုပ်ဆောင်ချက်ဆိုလို့ မော်စကိုက ယူကရိန်းကို ကျူးကျော်တာကို တုံ့ပြန်တဲ့အနေနဲ့ နျူကလီးယား စွမ်းအင်ကဏ္ဍမှာ ပါဝင်တဲ့ ရုရှားကုမ္ပဏီတွေကို ပစ်မှတ်ထား အရေးယူပိတ်ဆို့တာလောက်ပဲ ရှိပါတယ်။ ဒါပေမဲ့ ဒါလောက်နဲ့တော့ မလုံလောက်ပါဘူး။ ဒါကြောင့် စက်ရုံမဆောက်ခင် အချိန်မီလေးမှာ၊ ပွင့်လင်းမြင်သာမှု ရှိလာအောင်၊ နျူကလီးယားဆိုင်ရာ စောင့်ကြည့်ကြပ်မတ်မှုတွေ အားကောင်းလာအောင်နဲ့ ဒေသတွင်း ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်အောင် သြစတြေးလျအနေနဲ့ အာဆီယံ၊ Quad  အဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။

မြန်မာ့ပြည်တွင်းစစ်ကြောင့် အွန်လိုင်းငွေလိမ်ဂိုဏ်း ကွန်ရက်တွေကို နှိမ်နင်းဖို့နဲ့ အရေးပါတဲ့ သတ္တုတူးဖော်မှုတွေကို ထိန်းချုပ်ဖို့ဆိုတာ အခုကတည်းက ခက်ခဲနေပါပြီ။ နျူကလီးယား စီမံကိန်းသာ ထပ်ပေါ်လာရင်၊ လုံခြုံရေးအရ အထူးဂရုစိုက်ရမဲ့ မဟာဗျူဟာမြောက် ပစ္စည်းတွေနဲ့ အဆောက်အအုံတွေကို ရေရှည် စောင့်ကြည့်ထိန်းသိမ်းရမဲ့ ပြဿနာတွေ ထပ်တိုးလာမှာပါ။ အစိုးရိမ်ရဆုံး အချက်ကတော့ မသမာသူတွေ လက်ထဲ နျူကလီးယား ပစ္စည်းတွေ မရောက်သွားအောင် ဘယ်လို တားဆီးမလဲဆိုတာနဲ့၊ သူတို့ရဲ့ အန္တရာယ်ပေးမဲ့ လုပ်ရပ်တွေကို ဘယ်လို ဖြေရှင်းမလဲ ဆိုတာပါပဲ။

၂၀၂၅ ခုနှစ် မတ်လမှာ ရုရှားနဲ့ မြန်မာတို့ဟာ မဂ္ဂါဝပ် ၁၁၀ ထွက်ရှိမဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့ အစိုးရအချင်းချင်း သဘောတူညီချက် လက်မှတ်ထိုးခဲ့ပါတယ်။ ဒီစက်ရုံကို မဂ္ဂါဝပ် ၃၃၀ အထိ တိုးချဲ့တည်ဆောက်ဖို့လည်း ရှိပါတယ်။ 

ကနဦး စီမံကိန်းမှာ ရုရှားက ဒီဇိုင်းဆွဲပြီး တည်ဆောက်မဲ့ အသေးစား နျူကလီးယားဓာတ်ပေါင်းဖို နှစ်ခုကို အသုံးပြုမှာပါ။ ၂၀၂၆ ခုနှစ် ဩဂုတ်လမှာတော့ ရုရှားနိုင်ငံပိုင် အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း ရိုဆာတန်က ကနဦး အင်ဂျင်နီယာပိုင်းဆိုင်ရာ တိုင်းတာမှုတွေအတွက် ဒီနှစ်ထဲမှာ စာချုပ်ချုပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ တည်ဆောက်ရေး လုပ်ငန်းတွေကို ၂၀၂၇ မှာ စတင်မယ်လို့ ပြောခဲ့ပါတယ်။ စက်ရုံတည်ဆောက်ဖို့ လျာထားတဲ့ နေရာတွေထဲမှာ နေပြည်တော် အနီးတဝိုက်၊ ပဲခူးတိုင်း အလယ်ပိုင်းနဲ့ တောင်ပိုင်းက ထားဝယ်အထူးစီးပွားရေးဇုန်တွေ ပါဝင်ပါတယ်။ ထားဝယ်မှာဆိုရင် စစ်ကောင်စီနဲ့ ရုရှားတို့ ပူးပေါင်းပြီး ဆိပ်ကမ်းတခုနဲ့ ရေနံချက်စက်ရုံတခု တည်ဆောက်ဖို့လည်း ကြေညာထားပါတယ်။ အပြန်အလှန်အနေနဲ့ ရုရှားဟာ မြန်မာ့ကမ်းလွန်က ရေနံနဲ့ သဘာဝဓာတ်ငွေ့တွေကို ထုတ်ယူခွင့် ရရှိမှာ ဖြစ်ပါတယ်။

ရုရှားနဲ့ မြန်မာ ဆက်ဆံရေးဟာ အကျိုးစီးပွားအပေါ် အခြေခံထားတာ ဖြစ်ပေမဲ့ အစိုးရနှစ်ရပ်စလုံးကတော့ ယုံကြည်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုလို့ ခေါင်းစဉ်တပ်ထားကြပါတယ်။ ကုလသမဂ္ဂ ကျွမ်းကျင်သူတွေနဲ့ ဩစတြေးလျ အစိုးရက လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးလို့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲအပြီး ပြီးခဲ့တဲ့ ဧပြီလမှာ သမ္မတဖြစ်လာတဲ့ မင်းအောင်လှိုင်ဟာ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှု ရဖို့အတွက် ရုရှားကို အကြိမ်ကြိမ် သွားရောက်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ၂၀၂၃ ခုနှစ် မေလ အစီရင်ခံစာအရ၊ ရုရှားဟာ အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်ကို အမေရိကန်ဒေါ်လာ ၄၀၆ သန်း (သြစတြေးလျဒေါ်လာ ၅၈၁ သန်း) တန်ဖိုးရှိတဲ့ လက်နက်တွေ ရောင်းချခဲ့ပါတယ်။ ဒါကြောင့် ရုရှားဟာ တရုတ်နဲ့တန်းတူ မြန်မာစစ်တပ်အတွက် အဓိက လက်နက်ရောင်းချသူ ဖြစ်လာပါတယ်။ နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုနဲ့ အာဏာတည်မြဲဖို့ လက်နက်တွေကို အသည်းအသန် လိုအပ်နေတဲ့ စစ်ကောင်စီအတွက်တော့၊ အခု အဆိုပြုထားတဲ့ နျူကလီးယားစက်ရုံဟာ နိုင်ငံတကာက လက်ခံလာသယောင်ယောင် ဖြစ်စေတဲ့ အရာတခုပါပဲ။

မော်စကို အတွက်ကတော့ အရှေ့တောင်အာရှမှာ ခြေကုပ်တခု ရလိုက်တာဟာ သူတို့ရဲ့ ဩဇာလွှမ်းမိုးမှုက သမိုင်းဝင် မဟာမိတ်နိုင်ငံတွေထက် ကျော်လွန်နေဆဲပဲ ဆိုတာကို ပြသလိုက်တာပါ။ ဒါ့အပြင် စက်ရုံတည်ဆောက်တာ၊ သင်တန်းပေးတာနဲ့ ပြုပြင်ထိန်းသိမ်းတာတွေ ကနေတဆင့် ရုရှားဟာ မြန်မာနိုင်ငံအပေါ် ရေရှည် ဩဇာလွှမ်းမိုးခွင့် ရသွားမှာ ဖြစ်ပါတယ်။

ရှင်းရှင်းလင်းလင်း ပြောရရင် ကရင်မလင်နဲ့ မြန်မာစစ်ကောင်စီတို့ရဲ့ အရပ်ဘက်သုံး နျူကလီးယားဓာတ်ပေါင်းဖို သဘောတူညီချက်ဟာ နျူကလီးယား လက်နက်ထုတ်လုပ်မဲ့ အန္တရာယ်ကို ဆိုလိုတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မြန်မာစစ်ကောင်စီရဲ့ ရုရှား၊ မြောက်ကိုရီးယား၊ အီရန်၊ တရုတ်တို့နဲ့ ပွင့်လင်းမြင်သာမှုမရှိတဲ့ ဆက်ဆံရေးတွေနဲ့ ပြည်တွင်း မတည်ငြိမ်မှုတွေကြောင့် လုံခြုံရေးအရ စိုးရိမ်စရာတွေ ဖြစ်လာပါတယ်။ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်လာရင် လုံခြုံရေး စည်းမျဉ်းတွေကို ဘယ်သူက အတင်းအကျပ် လိုက်နာခိုင်းမလဲ၊ နျူကလီးယား ပစ္စည်းတွေကို ဘယ်သူက ထိန်းချုပ်မလဲ ဆိုတာတွေက မေးခွန်းထုတ်စရာပါ။

မြန်မာရဲ့ အာဆီယံ အိမ်နီးချင်းတွေအနေနဲ့ ဒီစီမံကိန်း ဆက်မလုပ်ဖို့ စစ်ကောင်စီကို ဖိအားပေးနိုင်ပါတယ်။ တကယ်လို့ သူတို့ ဖိအားမပေးဘူး ဆိုရင်တောင်မှ၊ အာဆီယံ တဖွဲ့လုံးအနေနဲ့ မြန်မာနယ်စပ်ကို ကျော်လွန်ပြီး အန္တရာယ်ဖြစ်စေမဲ့ ဘယ်လိုဖြစ်ရပ်မျိုးကိုမဆို အချိန်နဲ့တပြေးညီ သတင်းအချက်အလက် ရရှိနိုင်အောင် သေချာလုပ်ထားသင့်ပါတယ်။ သြစတြေးလျကတော့ အလှမ်းဝေးတဲ့အတွက် တိုက်ရိုက် ထိခိုက်မှုနည်းပေမဲ့ ဒေသတွင်း မတည်ငြိမ်မှုနဲ့ နျူကလီးယား မှောင်ခိုကူးမှုတွေကတော့ သူတို့ရဲ့ လုံခြုံရေးကို သက်ရောက်နိုင်ပါသေးတယ်။

ဥပမာအနေနဲ့ ဂျပန်နိုင်ငံသား တာကဲရှိ အဲဘီဆာဝါဟာ မြန်မာနိုင်ငံကနေ အီရန်ဝယ်လက်ဆိုသူဆီကို နျူကလီးယား ပစ္စည်းတွေ မှောင်ခိုကူးခဲ့တယ်လို့ ပြီးခဲ့တဲ့နှစ်က ဝန်ခံခဲ့ပါတယ်။ သူက အဲဒီပစ္စည်းတွေကို မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ အပါအဝင် စစ်သုံးလက်နက်တွေနဲ့ လဲလှယ်ပြီး မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို ပေးဖို့ ကြိုးစားခဲ့တာပါ။ အဲဘီဆာဝါဟာ မက်သာအဖက်တမင်းနဲ့ ဘိန်းဖြူ မူးယစ်ဆေးဝါးတွေကိုပါ နယူးယောက်မြို့ကို ရောင်းချဖို့ ကြိုးစားခဲ့တဲ့အတွက် နျူကလီးယား ပစ္စည်းတွေ၊ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုမှုနဲ့ ငွေကြေးခဝါချမှုတွေနဲ့ သူ့ကို နယူးယောက် ခရိုင်တရားသူကြီးက မတ်လမှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကြီးထွားလာနေတဲ့ ငွေလိမ်ဂိုဏ်းတွေရဲ့ ဆိုးကျိုးကို သြစတြေးလျ နိုင်ငံသားတွေ ခံစားနေရပြီ ဖြစ်တဲ့အတွက်၊ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းရာမှာ ဩစတြေးလျအစိုးရအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေတယ်ဆိုတာကို ဒီအမှုက သက်သေပြနေပါတယ်။

ဩစတြေးလျအစိုးရ အနေနဲ့ ဒီလထဲ မနီလာမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့  Quad အစည်းအဝေးတွေကို အသုံးချပြီး ဘာတွေ ဆက်လုပ်သင့်လဲ ဆိုတာကို အကဲဖြတ်သင့်ပါတယ်။

နျူကလီးယား မှောင်ခိုမှုဆိုင်ရာ ထောက်လှမ်းရေး သတင်းတွေ မျှဝေတာ၊ ဘဏ္ဍာရေး စုံစမ်းစစ်ဆေးမှုတွေနဲ့ မှုခင်းဆေးပညာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုတွေ လုပ်ဆောင်တာဟာ သဘောထားတူညီတဲ့ နိုင်ငံအားလုံးအတွက် အကျိုးရှိစေမှာပါ။ အဲဘီဆာဝါရဲ့အမှုကို အမေရိကန်က ဦးဆောင်စစ်ဆေးခဲ့ပေမဲ့၊ အိန္ဒိယ၊ ဂျပန်၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေဆီက အကူအညီတွေ ရခဲ့ပါတယ်။ ဒီအတွေ့အကြုံဟာ နျူကလီးယား ကျွမ်းကျင်မှုနဲ့ လက်နက်၊ မူးယစ်ဆေး၊ ငွေကြေးခဝါချမှု စုံစမ်းစစ်ဆေးရေးတွေကို ချိတ်ဆက် ပူးပေါင်းဖို့ အခြေခံကောင်းတခုပါပဲ။ Quad အဖွဲ့ဝင်တွေအနေနဲ့ အာဆီယံ နိုင်ငံတွေကို ကျွမ်းကျင်မှုနဲ့ အရင်းအမြစ်တွေ ထောက်ပံ့ပေးနိုင်သလို၊ ဒေသတွင်း အာဏာပိုင်တွေကလည်း မြန်မာနိုင်ငံအတွက် လိုအပ်ချက်တွေကို ဖော်ထုတ်ပေးနိုင်ပါတယ်။

ဩစတြေးလျအစိုးရအနေနဲ့ ဒေသတွင်း နျူကလီးယား ကြိုတင်ပြင်ဆင်မှုတွေ တိုးတက်လာအောင် အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ၊ ၂၀၂၄-၂၇ အတွက် အာဆီယံ-သြစတြေးလျ ညှိနှိုင်းရေးမှူး အင်ဒိုနီးရှား နိုင်ငံတို့နဲ့လည်း လက်တွဲလုပ်ဆောင်သင့်ပါတယ်။ အာဆီယံ အဏုမြူစွမ်းအင်ဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေး ကွန်ရက် (ASEANTOM) ကနေ နျူကလီးယား ဘေးကင်းလုံခြုံရေး၊ ကာကွယ်ရေးနဲ့ စောင့်ရှောက်ရေး၊ အရေးပေါ် ကြိုတင်ပြင်ဆင်ရေးနဲ့ တရားမဝင် မှောင်ခိုကူးမှု တားဆီးရေး အစီအမံတွေကို အကြံပြုနိုင်ပါတယ်။ သြစတြေးလျအနေနဲ့လည်း သူတို့ရဲ့ ဓာတ်ရောင်ခြည် ကာကွယ်ရေးနဲ့ နျူကလီးယား ဘေးကင်းရေး အေဂျင်စီ (ARPANSA) နဲ့ နျူကလီးယား သိပ္ပံနဲ့ နည်းပညာ အဖွဲ့အစည်း (ANSTO) တို့ကတဆင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကူညီပေးနိုင်ပါတယ်။ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) နဲ့ ဒေသတွင်း မိတ်ဖက်တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်လို့ ရပါတယ်။ မြန်မာပြည်သူတွေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကာကွယ်ပေးဖို့ အဓိက စောင့်ကြည့်ကြပ်မတ်မဲ့ အဖွဲ့အစည်းတခု ဖြစ်လာအောင်နဲ့ နျူကလီးယား ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် ဒီအဖွဲ့အစည်းတွေကို သြစတြေးလျက တွန်းအားပေးနိုင်ပါတယ်။

ရုရှားနဲ့ မြန်မာရဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံ အဆိုပြုချက်ဟာ နျူကလီးယား ဘေးကင်းလုံခြုံရေး ကာကွယ်မှုတွေ ဘာကြောင့် မရှိမဖြစ် လိုအပ်နေသလဲ ဆိုတာကို ပြသနေတဲ့ နောက်ထပ် ဥပမာတခုပါပဲ။ အာဆီယံနဲ့ Quad အဖွဲ့တို့အနေနဲ့ ဒီစီမံကိန်း အကောင်အထည် မပေါ်လာအောင် တားဆီးဖို့ကိုရော၊ တကယ်လို့ ဖြစ်လာခဲ့ရင်လည်း ဒေသတွင်းက ကြိုတင်ပြင်ဆင်ထားနိုင်ဖို့ကိုပါ ထိပ်တန်း ဦးစားပေးအဖြစ် သတ်မှတ်လုပ်ဆောင်သင့်ပါတယ်။

လူစီဟေလီနှင့် ဖစ်ထရီယာနီ 

Ref: ASPI- The Strategist

(Australian Strategic Policy Institute ဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် လူစီဟေလီနှင့် ဖစ်ထရီယာနီတို့ ရေးသားထားသည့် “Australia should work to block Myanmar’s Russian nuclear power plant” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။ ) 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013