လွန်ခဲ့တဲ့ ၅ လကျော်က ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းလေဆိပ်မှာ မူးယစ်ဆေးဝါး တွေ့ရှိမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ထိုင်းအဲယားဝေး လေကြောင်းလိုင်းမှ ထိုင်းလေယာဉ်မယ် မီးနားခွန်ဒို ဟာ ပြစ်မှုမှ ကင်းလွတ်ပြီး ပြန်လည်လွတ်မြောက်လာပြီလို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းလေယာဉ်မယ်ဟာ အလေးချိန် ၉၀၀ ဂရမ်ကျော် (၁ ကီလိုဂရမ်) နီးပါးရှိ ဘိန်းဖြူတွေကို တမင် ရည်ရွယ်သယ်ဆောင်ခဲ့တာမဟုတ်ဘဲ တပါးသူရဲ့ လှည့်ဖြားမှုနဲ့ အသုံးချမှုကို ခံခဲ့ရတာသာဖြစ်ကြောင်း ထိုင်းအမျိုးသားမူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ ဩစတြေးလျ မူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေ ပူးပေါင်းစုံစမ်းစစ်ဆေးပြီး သက်သေတွေနဲ့ မဲလ်ဘုန်းခရိုင်တရားရုံးကို တင်ပြခဲ့ပါတယ်။
မဲလ်ဘုန်းတရားရုံးက အမှုစစ်ဆေးဆဲကာလမှာ အစိုးရရှေ့နေဘက်ကလည်း သူ့အပါ် စွဲဆိုထားတဲ့ ထိန်းချုပ်မူးယစ်ဆေးဝါးကို စီးပွားဖြစ် ရောင်းဝယ်ဖောက်ကားဖို့ ရည်ရွယ်တဲ့ ပမာဏနဲ့ တင်သွင်းမှု၊ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှု စတဲ့ စွဲချက် ၂ ခုလုံးကို ပြန်ရုပ်သိမ်းလိုက်တယ်၊ ဒီနောက် တရားသူကြီးကလည်း စွဲချက်တွေကို တရားစီရင်ရေး လုပ်ငန်းစဉ်မှ ပယ်ဖျက်ကြောင်း နိုဝင်ဘာ ၁၇ ရက်မှာ အမိန့်ချမှတ်ခဲ့ပါတယ်။
လေယာဉ်မယ်ကို အသုံးချခဲ့သူတွေဟာ အဆိုပါ ဘိန်းဖြူတွေကို ဆင်အရုပ်ပါ ချည်ထည်အိတ် ၁၂ လုံးရဲ့ ဘေးအိတ်အတွင်းပိုင်းမှာ လျှို့ဝှက်ထဲ့ထားတာကြောင့် သူက သတိမထားမိဘဲ ပစ္စည်းသယ်ခ ဘတ် ၈,၈၀၀ နဲ့ လက်ခံခဲ့ပါတယ်။
လေဆိပ်မှာ အိတ်တွေ စစ်ဆေးခံရစဉ်မှာလည်း ရိုးသားစွာ အစစ်ဆေးခံခဲ့တာလို့ ဆိုပါတယ်။ သူ့ကို အသုံးချခဲ့တဲ့ ထိုင်းဘက်က ပစ္စည်းပါးလိုက်သူနဲ့ ဩစတြေးလျဘက်က ပစ္စည်းလက်ခံမဲ့သူ ဘယ်သူဘယ်ဝါတွေဆိုတာ စုံစမ်းသိရှိပြီးဖြစ်ပေမဲ့ အမှုတွဲမထိခိုက်စေဖို့ အသေးစိတ် အချက်အလက်တွေတော့ တရားဝင်သတင်းစာရှင်းလင်းချိန်မှ သိရမယ်လို့ ဆိုပါတယ်။
လေယာဉ်မယ်ဟာ ဒီကနေ့ နိုဝင်ဘာ ၁၈ ရက်မှာ ဩစတြးလျကနေ ထိုင်းကိုပြန်လာမှာဖြစ်ပြီး လေဆိပ်မှ ထွက်ခွာပြီး ဗီယက်နမ်မှာ တထောက်နား ဆီဖြည့်ကာ သုဝဏ္ဏဘူမိလေဆိပ်မှာ ဆင်းမယ်၊ အဲဒီနောက် သူ့ဇာတိမြေ ထိုင်းမြောက်ပိုင်းကို ပြန်လာဖို့ အစီအစဉ်ရှိပါတယ်။
ထိုင်းလေဆိပ်မှာ အသင့်စောင့်ဆိုင်းနေတဲ့ ထိုင်းမူးယစ်ဆေးဝါးနှိမ်နင်းရေး ရဲတပ်ဖွဲ့တွေက သူ့ကို ထပ်မံစစ်ဆေးမေးမြန်းဦးမှာ ဖြစ်တယ်၊ တရားခံအနေနဲ့ မဟုတ်ဘဲ သက်သေအနေနဲ့ ထွက်ဆိုဖို့ ဖြစ်တယ်၊ သူ့ထွက်ဆိုချက်ပေါ် မူတည်ပြီး မူးယစ်ဆေးရောင်းဝယ်ဖြန့်ဖြူးတဲ့ ဂိုဏ်းသားအားလုံးကို ဖမ်းဆီးရမိဖို့ ဖြစ်တယ်လို့ တာဝန်ရှိသူက ပြောကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: Thairath / MGROnline











