အီကွေဒေါသမ္မတနှင့် အမေရိကန်ကာကွယ်ရေးဝန်ကြီး မူးယစ်ဂိုဏ်းနှိမ်နင်းရေး ဆွေးနွေး
အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ်ဟာ နိုဝင်ဘာ ၁၉ ရက်က အီကွေဒေါနိုင်ငံ၊ ကီတိုမြို့မှာ သမ္မတ ဒန်နီရယ်လ် နိုဘိုအာနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံစလုံးက “မူးယစ် အကြမ်းဖက်သမားတွေ” အဖြစ် သတ်မှတ်ထားတဲ့ မူးယစ်ဂိုဏ်းတွေကို နှိမ်နင်းနေတဲ့ အီကွေဒေါရဲ့ လုပ်ရပ်အပေါ် ဝါရှင်တန်ဘက်က ဆက်လက်ထောက်ခံသွားမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။
အီကွေဒေါအစိုးရ ဆက်သွယ်ရေးဌာနက ထုတ်ပြန်တဲ့ ရုပ်သံမှာတော့ ဟက်ဂ်ဆက်သ် အစိုးရအိမ်တော်ကို ရောက်ရှိလာပြီး နိုဘိုအာနဲ့ ဆွေးနွေးနေပုံတွေကို ပြသခဲ့ပါတယ်။
မူးယစ်အကြမ်းဖက်မှုဟာ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှု ဖြစ်တာကြောင့် မူးယစ်ဆေးတွေ နောက်ဆုံး ရောက်ရှိမဲ့နေရာမှာ တိုက်ဖျက်တာထက် မူလအစဖြစ်တဲ့ ဒီနေရာမှာတင် အမြစ်ဖြတ်တာက ပိုကောင်းတယ်လို့ အီကွေဒေါသမ္မတ နိုဘိုအာက ပြောပါတယ်။
အမေရိကန် စစ်ဌာနချုပ်နဲ့ သမ္မတ ထရမ့်ပ်တို့ရဲ့ “အမေရိကန် ပထမ” ဆိုတဲ့ မူဝါဒဟာ တနိုင်ငံတည်း သီးခြားရပ်တည်တာ မဟုတ်ဘဲ ခြိမ်းခြောက်မှုကို တိုက်ရိုက်ရင်ဆိုင်ရဲတဲ့ အချုပ်အခြာအာဏာပိုင် မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းတာဖြစ်ကြောင်း ဟက်ဂ်ဆက်သ်က ပြောပါတယ်။
အီကွေဒေါဟာ အမေရိကတိုက်များရှိ မူးယစ်ဂိုဏ်းများ တိုက်ဖျက်ရေး ညွန့်ပေါင်းအဖွဲ့ (ACCC) ရဲ့ တည်ထောင်သူ အဖွဲ့ဝင်တယောက်ဖြစ်ပြီး အီကွေဒေါရဲ့ မိတ်ဖက်တွေနဲ့ သူတို့အဖွဲ့တွေကို နိုင်ငံအတွင်း မူးယစ်ဆေးဝါး၊ ဂိုဏ်းနဲ့ အကြမ်းဖက်မှုတွေကို နှိမ်နင်းထိန်းချုပ်ရာမှာ ဆက်လက် ပံ့ပိုးသွားမယ်လို့လည်း ထပ်လောင်းပြောပါတယ်။
ဆွေးနွေးပွဲမှာ လက်ရှိစစ်ဆင်ရေးတွေအပြင် ACCC မူဘောင်အောက်က ရနိုင်မဲ့ အကူအညီတွေ၊ အိမ်နီးချင်း ကိုလံဘီယာနဲ့ ပီရူးနိုင်ငံတွေရဲ့ အခြေအနေနဲ့ ဒေသတွင်း တခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြောင်း အီကွေဒေါ ကာကွယ်ရေးဝန်ကြီး ဂျန် ကာလို လော့ဖရက်ဒိုက ပြောကြားခဲ့ပါတယ်။
မကြာသေးခင်နှစ်တွေအတွင်း အီကွေဒေါနဲ့ သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအကြား လုံခြုံရေးပိုင်းမှာ ပိုမိုနီးကပ်လာခဲ့ပြီး နိုဝင်ဘာ ၁၀ ရက်ကလည်း အီကွေဒေါ ဥပဒေအရာရှိချုပ်ရုံးနဲ့ အမေရိကန် FBI တို့ဟာ ဂိုဏ်းဖွဲ့ရာဇဝတ်မှု၊ ငွေကြေးခဝါချမှုနဲ့ အကျင့်ပျက်ခြစားမှုတွေကို ပူးပေါင်းတိုက်ဖျက်ဖို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါပေမဲ့ ဒီနှစ် ဩဂုတ်နဲ့ စက်တင်ဘာလအတွင်း မူးယစ်သင်္ဘောတွေကို လောင်စာဆီ ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အီကွေဒေါ ငါးဖမ်းလှေတွေကို အမေရိကန်တပ်ဖွဲ့တွေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အီကွေဒေါ တရားရုံးတွေက ဖမ်းဆီးခံ ငါးဖမ်းသမားတချို့ကို အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ငါးဖမ်းသမား ၁၇ ယောက်က သူတို့လှေကို စစ်ဘက်သုံး ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် ပြန်ပေးဆွဲကာ ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ စွပ်စွဲပြီး နိုဝင်ဘာ ၁၆ ရက်က ပင်ဆယ်လ်ဗေးနီးယား ပြည်ထောင်စုတရားရုံးမှာ ထရမ့်ပ်အစိုးရကို တရားစွဲဆိုခဲ့ပါတယ်။
Source: Reuters











