ရုရှားက ယူကရိန်းဒရုန်း ၇၉၂ စင်း၊ ယူကရိန်းက ရုရှားဒရုန်း ၁,၃၉၂ စင်းကို အပြန်အလှန် ဖျက်ဆီး

ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံးက တဖက်နဲ့တဖက် တပ်ဖွဲ့ဝင်တွေနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို အသစ်တိုက်ခိုက်ခဲ့တယ်လို့ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ တရက်တာကာလအတွင်း ယူကရိန်းဒရုန်း ၇၉၂ စင်းကို ကြားဖြတ်ပစ်ချခဲ့တယ်လို့ ရုရှားက တနင်္ဂနွေနေ့မှာ ပြောခဲ့သလို အဲဒီနေ့မှာပဲ ရုရှားဒရုန်း ၁,၃၉၂ စင်းကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းဘက်ကလည်း ပြောဆိုခဲ့ပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းစစ်တပ် သုံးနေတဲ့ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေးဆိုင်ရာ အဆောက်အအုံတွေကို တိုက်ခိုက်ခဲ့ပြီး Neptune ဒုံးကျည်စနစ်တခုကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။
ဒါ့အပြင် လမ်းညွှန်စနစ်ပါတဲ့ လေကြောင်းကနေ ပစ်ချတဲ့ ပဲ့ထိန်း ဗုံး ၄ လုံးကို ရုရှား လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်ဖျက်ဆီးနိုင်ခဲ့ပြီး ခါခိဗ်ဒေသက ရွာတရွာကိုလည်း ရုရှားတပ်ဖွဲ့တွေက ထိန်းချုပ်နိုင်ခဲ့တယ်လို့ ဝန်ကြီးဌာနက ထပ်ပြောပါတယ်။
တချိန်တည်းမှာ ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ စစ်ဦးစီးဌာနချုပ်ကလည်း ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း သူတို့တပ်ဖွဲ့တွေက ရုရှားတပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ စုဝေးရာနေရာ နှစ်ခု၊ ဒရုန်းကွပ်ကဲရေးစခန်း တခုနဲ့ အမြောက်စနစ် နှစ်ခုတို့ကို တိုက်ခိုက်နိုင်ခဲ့တယ်လို့ တနင်္ဂနွေနေ့မှာ ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။
သူတို့တပ်ဖွဲ့တွေက ရုရှားဒရုန်း ၁,၃၉၂ စင်းအပြင် တင့်ကားတွေ၊ သံချပ်ကာ တိုက်ခိုက်ရေး ယာဉ်တွေနဲ့ တခြား စစ်လက်နက်ပစ္စည်းတွေကိုပါ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ယူကရိန်းဘက်က ပြောဆိုခဲ့ပါတယ်။
Source: Reuters











