လစ်ဗျားရောက် ရုရှားစစ်သင်္ဘော ဒရုန်းထိမှန် နစ်မြုပ်
လစ်ဗျားနိုင်ငံ၊ ဘင်ဂါဇီဆိပ်ကမ်းမှာ ရပ်နားထားတဲ့ ရုရှားစစ်သင်္ဘောတစင်း နိုဝင်ဘာ ၂၂ ရက် မနက်အစောပိုင်းက ပေါက်ကွဲနစ်မြုပ်သွားပြီး ဒရုန်းတိုက်ခိုက်မှုကြောင့်လို့ ယူဆရပါတယ်။
ဒီသင်္ဘောဟာ ရုရှားကို ပြန်မဲ့ခရီးမှာ လောင်စာနဲ့ ရိက္ခာဖြည့်ဖို့ ဝင်ရပ်ထားတဲ့ မာကျူရီ အမည်ရှိ စစ်သင်္ဘောငယ် ဖြစ်ပါတယ်။ ယူကရိန်းရဲ့ ရေပြင်သွားဒရုန်းတွေ တိုက်ခိုက်ခဲ့တာလို့ လစ်ဗျားအရှေ့ပိုင်း စစ်ဘက်တာဝန်ရှိသူတွေက သံသယရှိနေပါတယ်။
ဒရုန်းအနည်းဆုံး ၄ စင်းကို ပစ်ချနိုင်ခဲ့ပေမဲ့ ၂ စင်းက စစ်သင်္ဘောကို ထိမှန်ခဲ့တယ်လို့ အဲဒီတာဝန်ရှိသူတွေက ပြောပါတယ်။
တိုက်ခိုက်မှုဖြစ်ပွားအပြီး ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံတွေအရ သင်္ဘောရဲ့ ရှေ့ပိုင်းကလွဲလို့ ကျန်အစိတ်အပိုင်းတွေ ရေနစ်မြုပ်နေတာ တွေ့ရပါတယ်။
အဲဒီနေ့မှာပဲ ဘင်ဂါဇီကမ်းလွန်က ကုန်တင်သင်္ဘောတစင်းလည်း ရေပြင်သွားဒရုန်းနဲ့ ထပ်မံတိုက်ခိုက်ခံခဲ့ရပါတယ်။ ဒီဒုတိယတိုက်ခိုက်မှုမှာ သင်္ဘောသားတချို့ အနည်းငယ် ဒဏ်ရာရခဲ့ပြီး လစ်ဗျားရေတပ်က သင်္ဘောသားတွေကို ကယ်ဆယ်ခဲ့ပါတယ်။
လစ်ဗျားဆိပ်ကမ်းတွေနဲ့ ရေပိုင်နက်ကို နိုင်ငံတကာပဋိပက္ခတွေရဲ့ လက်စားချေရာနေရာအဖြစ် အသုံးပြုခွင့်မပေးဘူးလို့ လစ်ဗျားအရှေ့ပိုင်း အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုနှစ်ခုအပေါ် ကုလသမဂ္ဂက စိုးရိမ်ကြောင်း ပြောပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ တောင်းဆိုထားပါတယ်။
တိုက်ခိုက်မှုကို ဘယ်သူလုပ်ခဲ့သလဲဆိုတာ အတည်မပြုရသေးသလို ရုရှားနဲ့ ယူကရိန်းဘက်ကလည်း ချက်ချင်းတုံ့ပြန်တာ မရှိသေးပါဘူး။
Source: Reuters











