
ယူကရိန်းက ရုရှားကို တိုက်ခိုက်နေချိန်အတွင်း ဒရုန်းအနည်းဆုံး ၄ စင်းက ဘောလ်တစ်နိုင်ငံတွေရဲ့ လေပိုင်နက်ထဲကို ဝင်လာခဲ့လို့ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO)က သူတို့ရဲ့ တိုက်လေယာဉ်တွေကို အရေးပေါ် စေလွှတ်ခဲ့ရတယ်လို့ တာဝန်ရှိသူတွေက နိုဝင်ဘာ ၁၁ ရက်မှာ ပြောပါတယ်။
ဒီဖြစ်ရပ်ကြောင့် လစ်သူယေးနီးယား၊ လတ်ဗီးယားနဲ့ အက်စ်တိုးနီးယားနိုင်ငံသားတွေ ဘေးကင်းရာ နေရာတွေဆီ ချက်ချင်းသွားပြီး ခိုလှုံကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။
အခုနှစ်အတွင်း ယူကရိန်းစစ်ဘက်ဆိုင်ရာ ဒရုန်းတွေက ဖင်လန်နဲ့ ဘောလ်တစ်နိုင်ငံတွေရဲ့ လေပိုင်နက်ထဲကို ဝင်လာခဲ့လို့၊ ယူကရိန်းစစ်ပွဲဟာ ရုရှားနဲ့ မဟာမိတ် ဘယ်လာရုစ်နိုင်ငံတို့နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေဆီ ကူးစက်ပျံ့နှံ့လာမှာကို စိုးရိမ်စိတ်တွေ မြင့်တက်လာစေခဲ့ပါတယ်။
လစ်သူယေးနီးယား ဝန်ကြီးချုပ် မင်ဒေါဂတ်စ် ဆင်ခဲဗီးရှပ်စ်က "ခက်ခဲတဲ့ညတည" လို့ ဖော်ပြခဲ့တဲ့ ဒီဖြစ်ရပ်တွေအတွင်း ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။
သတိပေးချက် ထုတ်ပြန်ခဲ့တဲ့ နေရာတွေမှာ လစ်သူယေးနီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ကောနာစ်မြို့လဲပါပြီး လူဦးရေ ၃ သိန်း လောက် နေထိုင်ကြပါတယ်။
ယူကရိန်းဒရုန်းတွေက ရုရှားနိုင်ငံအနောက်မြောက်ပိုင်း ဘောလ်တစ်ပင်လယ် ကမ်းရိုးတန်းဒေသကို တိုက်ခိုက်ခဲ့ ချိန်မှာ ခုလိုဖြစ်ခဲ့တာပါ။
အဲဒီဒေသမှာ ဘောလ်တစ်ပင်လယ်ကတဆင့် ကုန်ပစ္စည်းတွေ တင်ပို့ရာ အဓိကနေရာ တွေနဲ့ ရေနံချက်စက်ရုံကြီးတခု တည်ရှိပြီး၊ တိုက်ခိုက်မှုကြောင့် အုစ်-လူဂါ ဆိပ်ကမ်းဧရိယာမှာ မီးလောင် လို့ လူ ၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ရုရှားအစိုးရကတော့ ယူကရိန်းဟာ နေတိုးအဖွဲ့ရဲ့ လေပိုင်နက်ကို အကာအကွယ်ယူ တိုက်ခိုက်နေတယ်လို့ စွပ်စွဲထားပါတယ်။
ယူကရိန်းဘက်ကတော့ ရုရှားရဲ့ အချက်ပြလှိုင်း နှောင့်ယှက်ဖျက်ဆီးမှုတွေကြောင့် ဒရုန်းတချို့ လမ်းကြောင်းလွဲသွားတာ ဖြစ်နိုင်တယ်လို့ တုံ့ပြန် ပြောပါတယ်။
NATO အဖွဲ့ဝင် နိုင်ငံတွေကတော့ ဒီဖြစ်ရပ်တွေအတွက် ရုရှားမှာသာ အဓိက တာဝန်ရှိတယ်လို့ ယူဆကြပြီး ၂၀၂၂ ခုနှစ်မှာ အိမ်နီးချင်းနိုင်ငံကို ကျူးကျော်ဝင်ရောက်ပြီး စစ်ပွဲကို စတင်ခဲ့သူက ရုရှားပဲလို့ ပြောကြပါတယ်။
Source:Reuters











