
အမေရိကန်ပြည်ထောင်စုက ဟော်မုဇ်ရေလက်ကြားမှာ အီရန်ပိုင် ကက်ရှမ်ကျွန်းကို တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန် အရာရှိတယောက်က နိုဝင်ဘာ ၂ ရက်မှာ ပြောပါတယ်။
အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ တိုက်ခိုက်မှုတွေကို အကန့်အသတ်နဲ့သာ လုပ်ခဲ့ပြီး စစ်ရေးတိုက်ခိုက်မှုကြီးတွေ ပြန်စတာ မဟုတ်ဘူးလို့ အမည်မဖော်တဲ့ အရာရှိတယောက်ကို ကိုးကားပြီး ဝေါလ် စထရိဂျာနယ် သတင်းဌာနက အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။
ကျွန်းပေါ်မှာ ပေါက်ကွဲမှု ၅ ကြိမ်ဖြစ်ခဲ့တယ်လို့ အယ်လ်ဂျာဇီးယား အင်္ဂလိပ်ပိုင်း သတင်းဌာနက ဖော်ပြပါတယ်။
တခြား အရာရှိတယောက်ကတော့ ဒီတိုက်ခိုက်မှုတွေက အီရန်ဘက်ကနေ အမေရိကန်ပိုင် ပစ္စည်းကိရိယာတွေ ဒါမှမဟုတ် တပ်ဖွဲ့တွေကို ပစ်မှတ်ထားပြီး မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေ သုံးလာတဲ့အပေါ် တုံ့ပြန်တဲ့ ကာကွယ်ရေးဆိုင်ရာ အစီအမံတွေလို့ ပြောပါတယ်။
အမေရိကန် ကာကွယ်ရေးဌာန ပင်တဂွန်က ဒီကိစ္စနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို အရှေ့အလယ်ပိုင်းဒေသက အမေရိကန်တပ်ဖွဲ့တွေကို ကြီးကြပ်ကွပ်ကဲတဲ့ အမေရိကန် အလယ်ပိုင်း စစ်တိုင်းကွပ်ကဲရေးဌာနချုပ် (CENTCOM) ဆီ လွှဲပြောင်းပေးခဲ့ပေမဲ့ CENTCOM ဘက်က တုံ့ပြန်ဖြေကြားတာ မရှိခဲ့ပါဘူး။
နိုဝင်ဘာ ၃ ရက် မနက်အစောပိုင်းမှာ အီရန်နိုင်ငံပိုင် သတင်းဌာန IRNA က ကက်ရှမ်ကျွန်းမှာ ပေါက်ကွဲမှုအကြိမ်ကြိမ် ဖြစ်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အီရန် အစ္စလာမ့်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က တနင်္လာနေ့ ညနေပိုင်းမှာ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို သုံးပြီး ဟော်မုဇ်ရေလက်ကြား အရှေ့ဘက်မှာ အမေရိကန်ရဲ့ MQ-9 ဒရုန်းတစင်းကို ပစ်ချ ဖျက်ဆီးနိုင်ခဲ့တယ်လို့ ကြေညာချက်တစောင် ထုတ်ပြန် ဖော်ပြထားပါတယ်။
ဒါ့အပြင် IRGC ရဲ့ လေကြောင်းနဲ့ အာကာသတပ်ဖွဲ့က အီရန်နိုင်ငံ တောင်ပိုင်း ကက်ရှမ်ကျွန်းပေါ်မှာ အမေရိကန်ရဲ့ MQM-170 ထောက်လှမ်းရေးဒရုန်းနှစ်စင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။
Source: Reuters











