ရုရှားလေယာဉ်များ လေပိုင်နက်အနီး ပျံသန်းမှုကြောင့် တောင်ကိုရီးယားက တိုက်လေယာဉ် စေလွှတ်

ရုရှားစစ်လေယာဉ်တွေဟာ တောင်ကိုရီးယားနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် (KADIZ) ထဲ ခဏဝင်ရောက်လာပြီးနောက် နိုဝင်ဘာ ၂၄ ရက်မှာ တောင်ကိုရီးယားလေတပ်က တိုက်လေယာဉ်တွေ အရေးပေါ် စေလွှတ်ခဲ့သလို အစိုးရကလည်း အူလုံဒိုကျွန်းပေါ်က ဒေသခံတွေကို ဘေးလွတ်ရာမှာ ခိုလှုံကြဖို့ ကြိုတင်ကာကွယ်မှု သတိပေးချက် ထုတ်ပြန်ပါတယ်။
ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) ရဲ့ ပြည်သူ့ဆက်ဆံရေး ညွှန်ကြားရေးမှူး ဂျန်ဒိုယောင်းက “ဒီနေ့မနက်ပိုင်းက အရှေ့ပင်လယ်အထက်က ကိုရီးယား လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန် (KADIZ) ထဲကို ရုရှားစစ်လေယာဉ် ‘အများအပြား’ ဝင်ရောက်လာခဲ့ပြီး တောင်ကိုရီးယား လေပိုင်နက်ကို ကျူးကျော်တာမျိုး မရှိခဲ့ပေမဲ့ အရှေ့ဘက်ကမ်းရိုးတန်းအလွန်က အူလုံကျွန်း လေပိုင်နက်ထဲ ဝင်ရောက်လုနီးပါးအထိ အနီးကပ် ရောက်ရှိလာခဲ့တယ်” လို့ ပြောပါတယ်။
ရုရှားလေယာဉ်တွေ KADIZ ဇုန်ထဲ မဝင်ရောက်ခင်ကတည်းက တောင်ကိုရီးယားစစ်တပ်က ကြိုတင်ထောက်လှမ်း ခြေရာခံနိုင်ခဲ့တာဖြစ်ပြီး မတော်တဆဖြစ်ရပ်တွေ မဖြစ်ပွားအောင် နည်းဗျူဟာမြောက် ဟန့်တားမှုတွေ လုပ်ဆောင်ဖို့ လေတပ်တိုက်လေယာဉ်တွေကို စေလွှတ်ခဲ့ရာမှာ စစ်တပ်ရဲ့ နည်းဗျူဟာမြောက် တုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်နေစဉ်အတွင်းမှာပဲ ရုရှားလေယာဉ်တွေ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် စစ်လေယာဉ်တွေဟာ အလွန်မြန်ဆန်တဲ့ အရှိန်နှုန်းနဲ့ ပျံသန်းကြတာဖြစ်လို့ လေပိုင်နက် ကျူးကျော် ဝင်ရောက်လာနိုင်ခြေ ရှိတယ်လို့ ကြိုတင်ခန့်မှန်းမိတာကြောင့် ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေးကို ကာကွယ်ဖို့ အခုလို ကြိုတင်သတိပေးချက် အရေးပေါ် ထုတ်ပြန်ခဲ့ရတာ ဖြစ်တယ်လို့လည်း ဂျန်ဒိုယောင်းက ရှင်းပြပါတယ်။
ဆိုးလ်ကာကွယ်ရေးဝန်ကြီးဌာနက “ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ပြောကြားဖို့” ရုရှားစစ်သံမှူးကို အင်္ဂါနေ့နှောင်းပိုင်းမှာ ဆင့်ခေါ်သွားမယ်လို့ ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျောင်ဘင်နာက ပြောပါတယ်။
ဆိုးလ်မြို့မှာရှိတဲ့ ရုရှားသံရုံးကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း တုံ့ပြန်ခြင်း မရှိပါဘူး။
မော်စကိုအစိုးရက ဒီဇုန်သတ်မှတ်ချက်ကို အသိအမှတ်မပြုတဲ့အတွက် ရုရှားလေယာဉ်တွေဟာ မကြာသေးမီ လပိုင်းတွေအတွင်း တောင်ကိုရီးယားရဲ့ လေကြောင်းရန်ကာကွယ်ရေး သတ်မှတ်ဇုန်ထဲ အကြိမ်ကြိမ် ဝင်ရောက်ခဲ့ဖူးပေမဲ့ ဒေသခံတွေကို အရေးပေါ် ခိုလှုံကြဖို့ ညွှန်ကြားတဲ့ အရပ်ဘက်ကာကွယ်ရေး သတိပေးချက် ထုတ်ပြန်တာကတော့ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတခု ဖြစ်ပါတယ်။
Source: Reuters











