စစ်ပွဲတွင် ဘယ်သူသေ၊ ဘယ်သူရှင် AI က ဆုံးဖြတ်ခွင့်မရှိဟု ကုလအကြီးအကဲ ပြော
ဉာဏ်ရည်တု (AI) နည်းပညာဟာ စစ်အင်အားအသုံးပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ လူသားတွေရဲ့ ဆင်ခြင်တုံတရားနေရာကို ဘယ်တော့မှ လုံးဝအစားမထိုးရဘူးလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က နိုဝင်ဘာ ၂၄ ရက်မှာ လုံခြုံရေးကောင်စီကို သတိပေးလိုက်ပါတယ်။
မျက်မှောက်ခေတ် စစ်ပွဲတွေဟာ AI နည်းပညာသုံး ပစ်မှတ်ရှာဖွေရေး စမ်းသပ်ကွင်းတွေ ဖြစ်လာနေပြီး ထောက်လှမ်းရေး သတင်းစုဆောင်းတာကနေ ပစ်မှတ်ရွေးချယ်တာအထိ စစ်ရေးလုပ်ငန်းဆောင်တာတွေမှာ AI ရဲ့ အလိုအလျောက် ဆုံးဖြတ်လုပ်ကိုင်နိုင်စွမ်း မြင့်တက်လာနေတယ်လို့ သူက ဆိုပါတယ်။
အဲဒီနည်းပညာ စွမ်းဆောင်ရည်တွေကို နိုင်ငံအစိုးရတွေသာမက အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေပါ ရယူ အသုံးပြုနိုင်နေသလို ဆိုက်ဘာနယ်ပယ်၊ အာကာသနဲ့ ဇီဝသိပ္ပံနယ်ပယ်တွေမှာပါ အန္တရာယ်တွေ ပိုမိုကြီးထွားလာစေနိုင်တယ်လို့ သတိပေးခဲ့ပါတယ်။
စစ်မြေပြင်မှာ သတ်ဖြတ်ဖို့ ဆုံးဖြတ်ချက်တွေအပေါ် လူသားတွေကသာ ထိန်းချုပ်ကွပ်ကဲရမယ်ဆိုတဲ့ အခြေခံမူဝါဒကို AI နည်းပညာက တိုက်စားဖျက်ဆီးတာမျိုး ခွင့်မပြုနိုင်သလို အရပ်သားတွေ သေဆုံးတာ ဒါမှမဟုတ် လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ ဖြစ်လာတဲ့အခါ အယ်လ်ဂိုရီသမ်က လုပ်သွားတာပါဆိုပြီး တာဝန်ခံမှုကနေ ရှောင်လွှဲဖို့ ဆင်ခြေတခုအဖြစ် လုံးဝ အသုံးမချသင့်ဘူးလို့ ဂူတာရက်စ်က ပြောပါတယ်။
လူသားတွေရဲ့ ထိန်းချုပ်မှုမပါဘဲ ပစ်မှတ်ရွေးချယ်ပြီး လူ့အသက်တွေကို နုတ်ယူနေတဲ့ လူသတ်စက်ရုပ်တွေဟာ ကိုယ်ကျင့်တရားအရ စက်ဆုပ်ရွံရှာဖွယ် ကောင်းသလို နိုင်ငံရေးအရလည်း လုံးဝလက်မခံနိုင်စရာ ဖြစ်တာကြောင့် အဲဒီလက်နက်စနစ်တွေကို ကြပ်မတ်ကွပ်ကဲမဲ့ တရားဝင် စည်းနှောင်မှုရှိတဲ့ သဘောတူညီချက်တရပ် ရရှိဖို့ အရေးတကြီး ဆွေးနွေးညှိနှိုင်းကြဖို့လည်း တောင်းဆိုပါတယ်။
တဖက်မှာတော့ AI နည်းပညာကို တာဝန်သိသိ အသုံးပြုမယ်ဆိုရင် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်လာမဲ့ စားနပ်ရိက္ခာ ရှားပါးမှုကို ကြိုတင်ခန့်မှန်းတာ၊ မြေမြှုပ်မိုင်း ရှင်းလင်းတာနဲ့ အန္တရာယ်များတဲ့ နေရာတွေက ဒဏ်ရာရသူတွေကို လူမဲ့ယာဉ်စနစ်တွေသုံးပြီး ကယ်ထုတ်တာတွေအပြင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာပါ ထိထိရောက်ရောက် အသုံးချနိုင်တယ်လို့ သူက ထောက်ပြပါတယ်။
ဒါပေမဲ့ စီးပွားရေးအကျိုးအမြတ်နဲ့ ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုတွေကြောင့် AI ဒေတာစင်တာတွေရဲ့ စွမ်းအင်နဲ့ ရေအမြောက်အမြား သုံးစွဲမှုအပြင် တွင်းထွက်သယံဇာတ အလုအယက် ရှာဖွေမှုတွေဟာ နိုင်ငံတွေကြား တင်းမာမှုတွေကို ပိုဆိုးစေတယ်လို့ ဂူတာရက်စ်က ဆိုပါတယ်။
ဒါ့အပြင် နိုင်ငံအနည်းငယ်နဲ့ ကုမ္ပဏီအနည်းငယ်လက်ထဲမှာသာ နည်းပညာအာဏာ စုပြုံနေခြင်းဟာ စစ်ပွဲတွေကို စီးပွားရေးလုပ်ငန်းဆန်ဆန် ဖြစ်လာအောင် တွန်းအားပေးနေတာကြောင့် AI နည်းပညာ ကွာဟမှုကနေ တခြားမညီမျှမှုတွေ ထပ်မဖြစ်အောင် ထိန်းသိမ်းဖို့ AI စွမ်းရည် အမြင့်မားဆုံး နိုင်ငံတွေမှာ တာဝန်အရှိဆုံး ဖြစ်တယ်လို့ သတိပေး ပြောပါတယ်။
Source: Reuters











