စစ်ပွဲများကြောင့် လူ ၇ သန်းကျော်အတွက် စားနပ်ရိက္ခာထောက်ပံ့မှု ထိခိုက်စေနိုင်

စစ်ပွဲတွေကြောင့် ကမ္ဘာ့ လူ ၇ ဒသမ ၃ သန်းကျော်အတွက် စားနပ်ရိက္ခာ ထောက်ပံ့ပေးမှု ထိခိုက်စေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) အမှုဆောင်ချုပ် လုခ်လင်ဘတ်က သတိပေးထားပါတယ်။
စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းမှာ သင်္ဘောတွေ ပိတ်မိနေတာနဲ့ ယူကရိန်းစစ်ကြောင့် အေဂျင်စီရဲ့ ကုန်ကျငွေက နှစ်လယ်ကနေ ၂၀၂၇ ခုနှစ်အထိ ဒေါ်လာ ၇၂၇ သန်း တိုးမြင့်လာမှာဖြစ်ပါတယ်။
ဒါဟာ လူ ၇ ဒသမ ၃ သန်းကျော်ကို စားနပ်ရိက္ခာ ထောက်ပံ့မှုကို ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ လင်ဘတ်က နိုဝင်ဘာ ၂၃ ရက်မှာ သတိပေးခဲ့တာပါ။
လင်ဘတ်ဟာ စက်တင်ဘာလတုန်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကမ္ဘာ့အကြီးဆုံး လူသားချင်းစာနာထောက်ထားမှု အေဂျင်စီအတွက် အမည်စာရင်း တင်သွင်းခဲ့သူဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်မှာ အမှုဆောင်ချုပ် ဖြစ်လာသူပါ။
လင်ဘတ်က ဟော်မုဇ်ရေလက်ကြားက တင်းကျပ်မှုတွေကြောင့် အစားအသောက်တင်ပို့မှုနဲ့ စိုက်ပျိုးရေးပစ္စည်းတွေ ဖြတ်သန်းဖို့ ခက်ခဲတဲ့အကြောင်းနဲ့ ဘတ်အယ်မန်ဒက် ရေလက်ကြားနဲ့ ပင်လယ်နက်တို့ကလည်း အယ်လ်နီညို ရာသီဥတုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုလလုံခြုံရေးကောင်စီကို တင်ပြခဲ့ပါတယ်။
လင်ဘတ်က “ဒီအဖြစ်အပျက်က မတွေးဝံ့စရာကိစ္စပါ။ အဆိုးဆုံးအချိန်မှ ဒါတွေ လာဖြစ်ရတယ်” လို့ ပြောပါတယ်။
ဆူဒန်၊ တောင်ဆူဒန်နဲ့ ဆိုမာလီယာတို့ရဲ့ အစိတ်အပိုင်းတချို့မှာ အငတ်ဘေးနဲ့ ရင်ဆိုင်နေရပြီး တကမ္ဘာလုံးမှာ လူ ၂၆၆ သန်း အငတ်ဘေးနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သူက ဆိုပါတယ်။ လင်ဘတ်ကတော့ ပင်လယ်နက်က အခြေအနေကို ဖြေရှင်းဖို့ အရေးကြီးတယ်လို့ ပြောထားပါတယ်။
ပင်လယ်နက်ဟာ ဆိုမာလီယာ၊ ယီမင်တို့လို နိုင်ငံတွေအတွက် အဓိက ကောက်ပဲသီးနှံတွေ ထွက်ရှိတဲ့နေရာဖြစ်ပြီး အဲဒီနိုင်ငံတွေက အစားအသောက် ၉၀ ရာခိုင်နှုန်းက ပြည်ပကနေ တင်သွင်းရတဲ့နိုင်ငံတွေ ဖြစ်ပါတယ်။
လက်ရှိ အစားအသောက်ဈေးနှုန်းတွေဟာ ၄ နှစ်အတွင်း အမြင့်ဆုံးအထိ မြင့်တက်ခဲ့တယ်လို့ ကုလ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ရဲ့ စက်တင်ဘာလ ညွှန်းကိန်းတွေက ဖော်ပြပါတယ်။
ဒီနှစ် ဇန်နဝါရီလနဲ့ယှဉ်ရင် ဂျုံဈေးနှုန်း ၁၀ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး လောင်စာဆီဈေးနှုန်းနဲ့ သယ်ယူပို့ဆောင်စရိတ် ကြီးမြင့်မှုတွေကြောင့် အစားအသောက်တွေ ပြည်ပက ဝယ်ယူနေရတဲ့ နိုင်ငံတွေ ကုန်ကျစရိတ် ပိုများလာပါတယ်။
ဟော်မုဇ်ရေလက်ကြား သင်္ဘောဖြတ်သန်းမှု အကန့်အသတ်တွေကြောင့် ဓာတ်မြေဩဇာ ဖြန့်ချိမှု ၃၀ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး လာမဲ့နှစ် အစားအသောက်ထွက်ရှိမှုနှုန်းလည်း ကျဆင်းမယ်လို့ လင်ဘတ်က ပြောပါတယ်။
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့က နှစ်စဉ် နိုင်ငံပေါင်း ၈၃ နိုင်ငံက လူ သန်း ၁၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့ပြီး စစ်ပွဲတွေက WFP ရဲ့ လူသားချင်းဆိုင်ရာ အကူအညီပေးရေးတွေကို တိုက်ရိုက်ထိခိုက်စေပါတယ်။
Source:Reuters











