
ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခတွေ ဆက်ဖြစ်နေတာ၊ စစ်အာဏာရှင်တပ်က လေကြောင်း လက်နက်ကြီးတို့နဲ့ တိုက်ခိုက်နေတာကြောင့် ရခိုင်ပြည်နယ်က စစ်ဘေးရှောင်တွေဟာ စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ နေထိုင်စရာနဲ့ တခြားအခြေခံလိုအပ်ချက်တွေ ရရှိရေး အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ အာရက္ခလေ့လာရေးစင်တာ (CAS) ရဲ့ နိုဝင်ဘာ ၉ ရက်ထုတ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
လုံခြုံရေးအခြေအနေ မတည်ငြိမ်တာကြောင့်လည်း အရပ်သားတွေ ဆက်လက် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ဘေးရှောင်တွေရဲ့ လူမှုစီးပွားဘဝနဲ့ အခြေခံဝန်ဆောင်မှုတွေကို လက်လှမ်းမီ ရရှိရေးအပေါ် သိသာထင်ရှားတဲ့ သက်ရောက်မှုကို ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် လုံခြုံရေးနဲ့ အရပ်သားကာကွယ်ရေးဆိုင်ရာ စိုးရိမ်မှုတွေ မြင့်တက်လာပြီး စားနပ်ရိက္ခာ၊ သောက်သုံးရေ၊ နေထိုင်စရာနဲ့ တခြား အခြေခံလိုအပ်ချက် ရရှိတွေမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။
အဲဒီတိုက်ခိုက်မှုတွေရဲ့ နောက်ဆက်တွဲအနေနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းတွေ လျော့နည်းလာတာ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လက်လှမ်းမီမှု အကန့်အသတ် ရှိလာတာတွေကလည်း စစ်ဘေးရှောင်မိသားစုတွေရဲ့ ထိခိုက်လွယ်မှုကို ပိုမြင့်တက်စေတယ်လို့ ဆိုပါတယ်။
ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍမှာလည်း စစ်ရှောင်ကလေးတွေ ပညာသင်ယူခွင့် ဆုံးရှုံးတာ၊ ကျောင်းသုံးပစ္စည်းနဲ့ ပညာရေးကုန်ကျစရိတ်တွေကို မတတ်နိုင်တာ၊ ဆေးဝါးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ရဖို့ အခက်အခဲတွေအပြင် ရေကြီးတာနဲ့ ကူးစက်ရောဂါတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကျန်းမာရေးအန္တရာယ်တွေကိုပါ ရင်ဆိုင်နေရတယ်လို့ ရေးသားထားပါတယ်။
အဲဒီအခြေအနေတွေဟာ စစ်ဘေးရှောင်တွေရဲ့ လက်ရှိဘဝလုံခြုံရေးနဲ့ အခြေခံလိုအပ်ချက်တွေ အပေါ်သာမက ကလေးသူငယ်တွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ မိသားစုတွေရဲ့ ရေရှည် ပြန်လည်ထူထောင်ရေးအပေါ်ကိုပါ သက်ရောက်မှုရှိနေတယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလနဲ့ နိုဝင်ဘာလဆန်းက ပုဏ္ဏားကျွန်းမြို့နယ်နဲ့ ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်စခန်းတွေကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ဘေးရှောင် ၁၀ ယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ထက်မနည်း ရှိခဲ့ပါတယ်။
အဲဒီလို တိုက်ခိုက်ခဲ့ပြီးနောက် စစ်ဘေးရှောင်တွေဟာ နေရာတွေ ထပ်မံရွှေ့ပြောင်းခဲ့ကြရသလို စားဝတ်နေရေးလည်း ပိုကျပ်တည်းလာတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင် အမျိုးသားတယောက်က ပြောပါတယ်။
“ကျနော်တို့ စစ်ရှောင်စခန်းကို အောက်တိုဘာ ၄ ရက်နေ့က လေကြောင်း ဗုံးကြဲခဲ့တော့ လူတွေက မနေရဲတော့ဘဲ တခြားနေရာတွေကို ရွှေ့ပြောင်းခဲ့ကြရတာတွေ ရှိတယ်။ ဗုံးကြဲပြီးနောက် တောတောင်တွေထဲမှာလည်း လုပ်ကိုင်မစားသောက်ရဲတော့ဘဲ စားဝတ်နေရေးတွေက ပိုမိုကျပ်တည်းလာတယ်။ ကျနော်တို့က စစ်ရှောင်တွေဆိုတော့ နေရာဒေသ မကျွမ်းကျင်တော့ လေကြောင်းအန္တရာယ်တွေကြားမှာ လုပ်ကိုင်စားသောက်ကြရတာ ခက်ခဲတယ်။”
အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်မှာ ပုဏ္ဏားကျွန်းမြို့နယ်က ဗျာလ စစ်ရှောင်စခန်းနဲ့ ပန်းနီလာ စစ်ရှောင်စခန်းကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သလို နိုဝင်ဘာ ၂ ရက်နဲ့ ၃ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ စနဲမင်းပြင်ရွာက စစ်ဘေးရှောင်စခန်းတွေကို စစ်တပ်က ဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။











