DVB Logo
Home
မြန်မာသတင်း

ထောက်ပံ့မှုရပ်တန့်နေသည့် ရခိုင်က မွတ်စလင်ဒုက္ခသည်စခန်းများ စားနပ်ရိက္ခာအကျပ်အတည်းကြုံ

DVB
·
November 23, 2026
Photo : CJ
Photo : CJ
Donate to DVB

ထောက်ပံ့မှုတွေ ရပ်တန့်နေတဲ့ ရခိုင်ပြည်နယ်က မွတ်စလင်ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ အကျပ်တည်းနဲ့ ပိုကြုံနေကြရတယ်လို့ မွတ်ဆလင်ဒုက္ခသည်စခန်းတွင်း နေထိုင်သူတွေက ပြောပါတယ်။

မွတ်စလင်ဒုက္ခသည်စခန်းတွေကို အရင်က ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကနေ ရိက္ခာ‌နဲ့ လစဉ်ငွေကြေး ထောက်ပံ့မှုတွေရှိခဲ့ပေမဲ့ လက်ရှိမှာ ထောက်ပံ့မှုတွေ ရပ်တန့်ထားတာကြောင့် အကျပ်တည်း ဖြစ်နေကြတာလို့ ပေါက်တောမြို့နယ် ဆင်တက်မော်ဒုက္ခသည်စခန်းနေ မွတ်စလင်တယောက်က ပြောပါတယ်။

"အရင်က ရိက္ခာနဲ့ လစဉ်ထောက်ပံ့ငွေရတယ်။ နောက် လစဉ်ထောက်ပံ့ငွေ နည်းနည်းရတယ်။ ခု လစဉ်ထောက်ပံ့ငွေလည်း မရတော့ဘူး။ အကျပ်တည်းကတော့ အရမ်းကြုံနေရတယ်။ လက်နက်ကြီး ပစ်တာ‌ကြောင့် အရင်လိုလည်း ငါးရှာထွက်မရတော့ စားဝတ်နေရေးက အရမ်းကျပ်တည်းပါတယ်။" 

ပေါက်တောမြို့နယ်မှာ ငှက်ချောင်း၊ အနောက်ရဲနဲ့ ဆင်တက်မော် စတဲ့ မွတ်စလင် ဒုက္ခသည်စခန်းတွေရှိပြီး စခန်းတခုစီမှာ အိမ်ထောင်စု ထောင်ချီနေထိုင်ကြတာပါ။

လက်ရှိမှာတော့ ပြီးခဲ့တဲ့ စက်တင်ဘာလကနေစပြီး စခန်း‌ တွင်းထောက်ပံ့မှုတွေ လုံးဝရပ်တန့်သွားခဲ့တာလို့ သိရပါတယ်။

ဒါ့အပြင် မြေပုံမြို့နယ်က မွတ်စလင်ဒုက္ခသည်စခန်းမှာလည်းပဲ ထောက်ပံ့မှုတွေ ရပ်တန့်နေတာ ၂ နှစ်နီးပါးကြာလာခဲ့တဲ့အတွက် အလုပ်ကိုင်ရှားပါးမှုတွေကြားမှာ စခန်းတွင်းနေထိုင်သူအများစုဟာ အငတ်ဘေးနဲ့ ရင်ဆိုင်လာကြရတယ်လို့ မြေပုံမြို့နယ် မွတ်စလင်ဒုက္ခသည်စခန်းတွင်း နေထိုင်သူတယောက်က ပြောပါတယ်။

"အထောက်အပံ့တော့ ရချင်ပါတယ်။ အလုပ်ကိုင်ဆိုတာကလည်း အရမ်းရှားတယ်။ ရေလုပ်ငန်းလုပ်တဲ့ သူတွေကလည်း နေဗီကြောင့် အရင်လိုမျိုး လွတ်လွတ်လပ်လပ်လုပ်လို့ မရတော့ဘူး။ စခန်းထဲ ရှိသူတွေက ထမင်းလျော့စားရတာနဲ့ နေ့တိုင်း ထမင်းမစားရတဲ့ အိမ်ထောင်စုတွေ ပိုများလာပါတယ်။” 

မြေပုံမြို့နယ်က မွတ်စလင်ဒုက္ခသည်စခန်းမှာ အိမ်ထောင်စု ၇၀၀ ခန့်ရှိပြီး ကြုံရာကျပန်းအလုပ်အပြင် ရေလုပ်ငန်းနဲ့ အများအပြား အသက်မွေးကြပါတယ်။

ရခိုင်ပြည်နယ် ပေါက်တော၊ ကျောက်ဖြူနဲ့ မြေပုံ စတဲ့မြို့နယ်တွေမှာ မွတ်စလင်ဒုက္ခသည်စခန်းအများစုဟာ ရိက္ခာထောက်ပံ့မှုမရကြတော့သလို အလုပ်ကိုင်ရှားပါးမှုနဲ့ ကုန်စည်ဈေးမြင့်တက်မှုကြားမှာ အငတ်ဘေးနဲ့ ရင်ဆိုင်နေကြရတယ်လို့ မွတ်စလင်ဒုက္ခသည်တွေဆီကနေ သိရပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013