ယူကရိန်းစစ်ပွဲတွင် ရုရှားစစ်သား ၅ သိန်းနီးပါး သေဆုံးဟု စာရင်းပေါက်ကြား

၂၀၂၂ ခုနှစ် ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ခဲ့ချိန်ကနေ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ ရုရှားစစ်သား အနည်းဆုံး ၄၉၀,၃၃၄ ယောက် သေဆုံးခဲ့တယ်လို့ ပေါက်ကြားလာတဲ့ ရုရှားအစိုးရရဲ့ စာရင်းအင်း အချက်အလက်တွေကို ဘီဘီစီသတင်းဌာနက စိစစ်ပြီး ဖော်ပြပါတယ်။
ဘယ်လာရုစ်နဲ့ ယူကရိန်း ဟက်ကာအဖွဲ့တွေက ရုရှားနိုင်ငံရဲ့ စာရင်းအင်းဌာန Rosstat ကို ဆိုက်ဘာတိုက်ခိုက်ခဲ့ရာကနေ ၂၀၂၁ ခုနှစ်ကစလို့ ၂၀၂၆ ခုနှစ် စက်တင်ဘာလအထိ လူသေဆုံးမှုမှတ်တမ်း ၁၁ သန်းကျော်ကို ဘီဘီစီက ရရှိခဲ့ပါတယ်။
ရုရှားစာရင်းအင်းဌာနက ဆိုက်ဘာတိုက်ခိုက်ခံရကြောင်း ဝန်ခံပေမဲ့ လုံခြုံရေးအရ ကာကွယ်ထားတဲ့ အချက်အလက်တွေ ပေါက်ကြားခဲ့တယ် ဆိုတာကိုတော့ ငြင်းဆိုထားပါတယ်။
ဘီဘီစီနဲ့ လွတ်လပ်တဲ့ ရုရှားသတင်းဌာန Mediazona တို့ အတည်ပြုထားပြီးသား စစ်သားသေဆုံးမှု မှတ်တမ်းတွေရဲ့ ၉၀ ရာခိုင်နှုန်းကို ပေါက်ကြားလာတဲ့ စာရင်းတွေမှာလည်း တွေ့ရှိရပါတယ်။
၂၀၂၅ ခုနှစ်က ရုရှားနိုင်ငံမှာ သေဆုံးခဲ့တဲ့ အသက် ၁၈ နှစ်ကနေ ၂၄ နှစ်အရွယ် လူငယ်တွေရဲ့ ၆၅ ရာခိုင်နှုန်းနဲ့ အသက် ၂၅ နှစ်ကနေ ၃၄ နှစ်အရွယ်တွေရဲ့ ၅၉ ရာခိုင်နှုန်းဟာ စစ်ပွဲကြောင့် သေဆုံးခဲ့ကြပါတယ်။
စစ်မဖြစ်ခင်က လူဦးရေ စုစုပေါင်း ၁၂,၀၀၀ သာရှိတဲ့ ယူကရိန်းကျေးရွာ ၁၀ ရွာကို သိမ်းပိုက်ဖို့ တိုက်ခိုက်ရာမှာတင် ရုရှားစစ်သား ၂၀,၀၀၀ လောက် သေဆုံးခဲ့ပါတယ်။
ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ရင်း သေဆုံးခဲ့တဲ့ နိုင်ငံခြားသား အနည်းဆုံး ၅,၀၁၇ ယောက်လည်း ရှိပြီး အဲဒီအထဲမှာ ဥဇဘက်ကစ္စတန်နိုင်ငံသား ၁,၀၃၁ ယောက်နဲ့ တာဂျစ်ကစ္စတန်နိုင်ငံသား အယောက် ၇၂၀ ပါဝင်ပါတယ်။
ရုရှားအစိုးရကတော့ ယူကရိန်းစစ်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်သားအရေအတွက် စုစုပေါင်းကို ထုတ်ပြန်ထားခြင်း မရှိပါဘူး။
ဘီဘီစီနဲ့ မီဒီယိုဇိုးနားတို့ဟာ စစ်ပွဲစတင်ချိန်ကတည်းက ရုရှားစစ်သားတွေ သေဆုံးမှုကို သီးခြား စာရင်းပြုစုနေခဲ့ကြပါတယ်။
တရားဝင်ထုတ်ပြန်ချက်တွေ၊ လူမှုကွန်ရက်ပေါ်က သေဆုံးကြောင်း အသိပေးချက်တွေနဲ့ သင်္ချိုင်းမှတ်တမ်းတွေကို အခြေခံပြီး ရုရှားစစ်သား ၂၉၀,၀၁၂ ယောက် သေဆုံးခဲ့ကြောင်း အမည်နဲ့တကွ အတည်ပြုထားနိုင်ပါတယ်။
အဲဒီအရေအတွက်ဟာ အမှန်တကယ် သေဆုံးခဲ့တဲ့ ရုရှားစစ်သား စုစုပေါင်းရဲ့ ၄၅ ရာခိုင်နှုန်းကနေ ၅၅ ရာခိုင်နှုန်းအထိသာ ရှိနိုင်တယ်လို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
ဒါကြောင့် အမှန်တကယ် သေဆုံးခဲ့တဲ့ ရုရှားစစ်သားအရေအတွက်ဟာ ၅၂၀,၀၀၀ ကျော်ကနေ ၆၄၀,၀၀၀ ကျော်အထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Source: Reuters











