ဒီဇယ်တင်ပို့မှုနှင့် ရထားလမ်းတိုးချဲ့ရေး ယူကရိန်းနှင့် ဟန်ဂေရီ ဆွေးနွေး
ဟန်ဂေရီဝန်ကြီးချုပ် ပီတာမဂ်ယာဟာ နိုဝင်ဘာ ၂၄ ရက်က ယူကရိန်းနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း ၂ နိုင်ငံဆက်ဆံရေးရဲ့ "စာမျက်နှာသစ်စတင်မှု" အပေါ် ကြိုဆို ချီးကျူးခဲ့ပြီး သမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေး ချိတ်ဆက်မှုတွေ တိုးချဲ့ဖို့ ဆွေးနွေးခဲ့ပါတယ်။
ခေါင်းဆောင် ၂ ယောက် တွေ့ဆုံရာမှာ ဟန်ဂေရီဝန်ကြီးချုပ်ဟောင်း ဗစ်တာအော်ဘန် လက်ထက်က ဆိုင်းငံ့ထားခဲ့ပြီး ဒီနှစ်ထဲမှာ မဂ်ယာအစိုးရက ပြန်လည်စတင်ခဲ့တဲ့ ဟန်ဂေရီကနေ ယူကရိန်းကို ဒီဇယ်တင်ပို့မှု တိုးမြှင့်ရေးအပြင် ဟန်ဂေရီကုမ္ပဏီတွေက ယူကရိန်းရဲ့ သဘာဝဓာတ်ငွေ့ သိုလှောင်ရုံတွေကို အသုံးပြုရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဇလန်းစကီးက ပြောပါတယ်။
ဒါ့အပြင် ၂ နိုင်ငံကြား ရထားပို့ဆောင်ရေး တိုးချဲ့ဖို့ကိုလည်း သဘောတူညီခဲ့ကြပါတယ်။ စီမံကိန်းတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ၂ နိုင်ငံ စွမ်းအင်နဲ့ စိုက်ပျိုးရေးဝန်ကြီးတွေ တွေ့ဆုံသွားကြမှာဖြစ်သလို စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် ဒီနှစ်အစောပိုင်းက ယူကရိန်းမှာ ဇလန်းစကီး စတင်ဖွဲ့စည်းခဲ့တဲ့ ဒေသတွင်းနိုင်ငံတွေအဖွဲ့ထဲကို ဟန်ဂေရီအနေနဲ့ ပါဝင်ဖို့ လမ်းဖွင့်ထားတယ်လို့လည်း မဂ်ယာက ပြောပါတယ်။
တဆက်တည်းမှာပဲ မဂ်ယာဟာ ဇလန်းစကီးနဲ့အတူ ဘော်လီဘော အတူကစားခဲ့သလို ကျောင်းနဲ့ ဆေးရုံတွေကိုလည်း သွားရောက်လှည့်လည် ကြည့်ရှုခဲ့ပါတယ်။
ဇလန်းစကီးရဲ့ တယ်လီဂရမ်အကောင့်မှာ တင်ထားတဲ့ ပို့စ်တွေအရ သူတို့ ၂ ယောက်ဟာ လေယို့စ် ကို့ရှုထ် လိုင်စီယမ် စာသင်ကျောင်းမှာ ကျောင်းသားတွေ၊ ဝန်ထမ်းတွေနဲ့ တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီကျောင်းမှာ ကျောင်းသားတွေကို ဟန်ဂေရီဘာသာစကားနဲ့ သင်ကြားပေးပြီး ယူကရိန်း ဘာသာစကားအပြင် အင်္ဂလိပ်ဘာသာစကားကိုပါ သင်ယူရပါတယ်။
ဒါ့အပြင် မဂ်ယာဟာ ဇာကာပက်တီးယားဒေသက ဆေးရုံအဆောက်အအုံသစ်တခုကိုလည်း သွားရောက်ကြည့်ရှုခဲ့ပြီး ဇလန်းစကီးရဲ့ ပို့စ်အရ အဲဒီဆေးရုံက ဆရာဝန်တွေဟာ "အချိန်တိုအတွင်းမှာပဲ" ခွဲစိတ်ကုသမှုပေါင်း ၁၀၀ ကျော်ကို လုပ်ဆောင်နိုင်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ဟန်ဂေရီခေါင်းဆောင်ဟောင်း ဗစ်တာအော်ဘန် လက်ထက်တုန်းက ယူကရိန်းရဲ့ ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုတွေအပေါ် EU အတွင်း အကြီးမားဆုံး အတားအဆီး ဖြစ်ခဲ့ပေမဲ့ မဂ်ယာဟာ ဧပြီလ ရွေးကောက်ပွဲမှာ အနိုင်ရ အာဏာရလာပြီးကတည်းက ၂ နိုင်ငံဆက်ဆံရေးကို အခြေခံသစ်တခုပေါ်မှာ ပြန်လည်တည်ဆောက်ဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
ဒါကြောင့် အင်္ဂါနေ့က ခရီးစဉ်ကို ယူကရိန်းရဲ့ EU အဖွဲ့ဝင်ဖြစ်ရေး အရှိန်မြှင့်တင်နိုင်ဖို့နဲ့ ဥရောပအလယ်ပိုင်းဒေသနဲ့ စီးပွားရေးဆက်ဆံမှုတွေ ခိုင်မာအားကောင်းလာစေဖို့အတွက် အဓိကကျတဲ့ ခရီးစဉ်တခုအဖြစ် သတ်မှတ်ရှုမြင်ထားကြပါတယ်။
Source: Reuters











