DVB Logo
Home
မြန်မာသတင်း

ICJ စီရင်ချက်အပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ရိုဟင်ဂျာဒုက္ခသည်များထံ သွားရောက် တွေ့ဆုံ

DVB
·
November 23, 2026
Photo: REUTERS/Mohammad Ponir Hossain
Photo: REUTERS/Mohammad Ponir Hossain
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးက ဆုံးဖြတ်ချက်ချပြီး တရက်အကြာမှာပဲ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဇ်ဘဇားက ဒုက္ခသည်စခန်းတွေဆီ သွားရောက်ခဲ့ပြီး ဒီသမိုင်းဝင် ဆုံးဖြတ်ချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းလိုက်ပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ခါလီလာ ရာမန်က “မနေ့က သည်ဟိတ်ဂ်မြို့မှာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးက စကားပြောခဲ့ပါပြီ။ တရားရုံးက ခင်ဗျားတို့ရဲ့နာမည်ကို ထုတ်ပြောခဲ့တာပါ။ ရိုဟင်ဂျာတဲ့။ ဟုတ်ပါတယ်၊ ရိုဟင်ဂျာပါ။ တရားရုံးရဲ့ ဆုံးဖြတ်ချက်က ရှင်းပါတယ်။ ၂၀၁၇ ခုနှစ်တုန်းက ခင်ဗျားတို့အပေါ် လုပ်ခဲ့တာတွေဟာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပါတယ်” လို့ ကော့စ်ဘဇားက ရိုဟင်ဂျာစခန်းတခုမှာ စုဝေးနေကြတဲ့ ဒုက္ခသည်တွေနဲ့ သတင်းထောက်တွေကို ပြောပါတယ်။

နစ်နာခဲ့ရသူတွေအတွက် တရားမျှတမှု ရရှိရေး၊ အသက်ရှင်ကျန်ရစ်သူတွေအတွက် နစ်နာကြေး ပြန်လည်ပေးအပ်ရေးနဲ့ ဒုက္ခသည်တွေ နေရပ်ကို ဘေးကင်းလုံခြုံပြီး ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်မဲ့ အာမခံချက်တွေ ပေးဖို့ကိုလည်း သူက တောင်းဆိုခဲ့ပါတယ်။

ရာမန်ဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌ ဖြစ်မလာခင်တုန်းက ရိုဟင်ဂျာအရေးဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အဆင့်မြင့်ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးကာ ဒုက္ခသည်စခန်းတွေဆီ အကြိမ်ပေါင်းများစွာ လာရောက်ခဲ့ဖူးသူပါ။

ရာမန်က “ကျနော့်အနေနဲ့ နယူးယောက်မြို့ကနေ လှမ်းပြီး ခင်ဗျားတို့ကို စကားမပြောချင်ပါဘူး။ ဒီလို သမိုင်းဝင် အခိုက်အတန့်မှာ ဒုက္ခသည်စခန်းတွေဆီ ကိုယ်တိုင်လာပြီး ခင်ဗျားတို့နဲ့အတူ ရပ်တည်ပေးချင်ခဲ့တာပါ” လို့ ပြောပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့တုန်းက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအပေါ်မှာ မြန်မာနိုင်ငံက ပြစ်မှုကျူးလွန်ခဲ့တယ်လို့ အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြောင်း တရားရုံးက တွေ့ရှိခဲ့တာပါ။

၂၀၁၇ ခုနှစ် စစ်ဆင်ရေးတွေအတွင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ နေရာအနှံ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ကျေးရွာလုံးကျွတ် ဖျက်ဆီးမှုတွေ ပါဝင်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ (UNHCR) ရဲ့ အဆိုအရ အနည်းဆုံး ရိုဟင်ဂျာ ၁၀,၀၀၀ လောက် အသတ်ခံခဲ့ရပြီး လူဦးရေ ၇၅၀,၀၀၀ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

“နှစ်ပေါင်းများစွာ ခင်ဗျားတို့အသံကို ကမ္ဘာကြီးက နားထောင်ပေးဖို့ တောင်းဆိုခဲ့ကြတယ်။ အခုတော့ သူတို့ ကြားသွားပါပြီ” လို့ ရာမန်က ပြောပါတယ်။

တရားရုံးရဲ့ ဆုံးဖြတ်ချက်ကနေ လက်တွေ့ကျတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာစေဖို့အတွက် ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဋ္ဌက ဦးစားပေးလုပ်ငန်းစဉ် ၄ ရပ်ကို ချမှတ် ပြောကြားခဲ့ပါတယ်။

ပထမအချက်ကတော့ တရားမျှတမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ရမှာဖြစ်ပြီး အထောက်အထား ခိုင်လုံတဲ့နေရာတွေမှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်လို့ သံသယရှိသူတွေကို တရားစွဲဆို အရေးယူရမှာဖြစ်သလို နိုင်ငံရဲ့ ဥပဒေတွေကိုလည်း ပြုပြင်ပြောင်းလဲရမှာ ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်နိုင်ရေး ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေ မိမိတို့သဘောဆန္ဒအလျောက် ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်အောင် ဖန်တီးပေးဖို့ တရားရုံးက မြန်မာနိုင်ငံကို အမိန့်ပေးထားပါတယ်။

ဘယ်သူ့ကိုမှ အန္တရာယ်ရှိတဲ့ နေရာဆီ အတင်းအကျပ် ပြန်မပို့သင့်ဘူးလို့ ရာမန်က ပြောပါတယ်။ ဘယ်လို နေရပ်ပြန်ပို့မှုမျိုးမဆို လုံခြုံရေး အာမခံချက် အပြည့်အဝရှိရမှာဖြစ်သလို လွတ်လပ်စွာ သွားလာခွင့်နဲ့ သူတို့ရဲ့ အနာဂတ်အတွက် ဆုံးဖြတ်ချက်ချရာမှာ ရိုဟင်ဂျာတွေရဲ့ အသံကို ထည့်သွင်းစဉ်းစားခွင့်တွေ ပါဝင်ရမယ်လို့ ဆိုပါတယ်။

တတိယအချက်ကတော့ နစ်နာကြေး ပြန်လည်ပေးအပ်တာ ဖြစ်ပါတယ်။ နစ်နာသူတွေကို လျော်ကြေးပေးဖို့နဲ့ ၂ နှစ်အတွင်း တရားရုံးကို ပြန်လည်အစီရင်ခံဖို့ မြန်မာနိုင်ငံကို အမိန့်ချမှတ်ထားပါတယ်။

“ငွေကြေးက အသက်တချောင်းကို အစားမထိုးနိုင်ပါဘူး။ ဆုံးရှုံးသွားရတဲ့ ချစ်ခင်ရသူတွေရဲ့ နေရာကိုလည်း ငွေကြေးက အစားမထိုးနိုင်ပါဘူး” လို့ ရာမန်က ပြောပါတယ်။

ဒါပေမဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ နစ်နာကြေးပေးအပ်မှုတွေက အသက်ရှင်ကျန်ရစ်သူတွေအတွက် လုံခြုံမှု၊ မျှော်လင့်ချက်နဲ့ ဂုဏ်သိက္ခာရှိမှုဆိုတဲ့ ခံစားချက်တွေကို ပြန်လည်ရရှိစေဖို့ အထောက်အကူ ပြုနိုင်တယ်လို့ သူက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

စတုတ္ထအချက်ကတော့ ဥပဒေရေးရာ ပြုပြင်ပြောင်းလဲမှုတွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို သင်တန်းပေးမှုတွေနဲ့ တပ်ဖွဲ့တွေအပေါ် စစ်မှန်တဲ့ အရပ်သားအစိုးရရဲ့ ထိန်းချုပ်ကွပ်ကဲမှုတွေကနေတဆင့် နောက်ထပ် မဖြစ်ပွားအောင် ကာကွယ်တားဆီးရေး ဖြစ်ပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း ဒီစီရင်ချက်ကို အကောင်အထည်ဖော်မှု ရှိ၊ မရှိ သေချာစောင့်ကြည့်ရမှာဖြစ်ပြီး ရှေ့ဆက်လုပ်ဆောင်မဲ့ ကိစ္စရပ်တွေအတွက် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရာမန်က ကတိပြု ပြောပါတယ်။

“ခင်ဗျားတို့ အထီးကျန်နေမှာ မဟုတ်ပါဘူး။ ကျနော်တို့ဘက်က တာဝန်ကျေအောင် လုပ်ဆောင်သွားပါမယ်” လို့ ရာမန်က ဒုက္ခသည်တွေကို ပြောပါတယ်။

မြန်မာစစ်အာဏာရှင် အစိုးရကတော့ ICJ တရားရုံးရဲ့ စီရင်ချက်ကို လက်မခံဘဲ တရားမျှတမှုမရှိတဲ့ စီရင်ချက်ဖြစ်တယ်လို့ ပြောထားပါတယ်။

Source: UN NEWS

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013