DVB Logo
Home
မြန်မာသတင်း

ရိုဟင်ဂျာပြဿနာကို နိုင်ငံတကာအသိုက်အဝန်းက ရှုပ်ထွေးအောင် မလုပ်သင့်ဟု တရုတ်ပြော

DVB
·
November 21, 2026
Photo: FMPRC
Photo: FMPRC
Donate to DVB

မြန်မာနိုင်ငံက ရိုဟင်ဂျာပြဿနာကို နိုင်ငံတကာအသိုက်အဝန်းက  အတူတကွ လုပ်ဆောင်သင့်ပြီး ရှုပ်ထွေးအောင် မလုပ်သင့်ဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၀ ရက်မှာ ပြောကြား ခဲ့ပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်လို့ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က ဆုံးဖြတ်ခဲ့ပြီးနောက်တနေ့မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုကျားခွန်းက ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ AFP သတင်းဌာန သတင်းထောက်ရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ ပြောလိုက်တာပါ။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကိုကျားခွန်းက “ICJ တရားရုံးရဲ့ သက်ဆိုင်ရာ စီရင်ချက် တရုတ်နိုင်ငံဘက်က တွေ့ရှိခဲ့ပါတယ်။ ရခိုင်ပြည်နယ်အရေးကိစ္စဟာ အလွန်ရှုပ်ထွေးတဲ့ သမိုင်းကြောင်း၊ တိုင်းရင်းသားရေးရာနဲ့ ဘာသာရေး နောက်ခံတွေရှိနေလို့ ဘက်စုံနည်းလမ်းတွေနဲ့ စီမံဆောင်ရွက်ကာ တည်ငြိမ်သင့်လျော်စွာ ဖြေရှင်းဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာအသိုက်အဝန်း အနေ ဒီအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်သင့်ပြီး ဒီကိစ္စကို ပိုမိုရှုပ်ထွေးလာစေခြင်းမျိုးကို ရှောင်ရှားရပါမယ်။ ရခိုင်ပြည်နယ်မှ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရတဲ့ ပြည်သူတွေ ပြန်လည် နေရာချထားရေးကိစ္စ ဖြေရှင်းမှုကို တွန်းအားပေး ဖို့အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့ တွေ့ဆုံဆွေးနွေးမှုနဲ့ ညှိနှိုင်းမှုတွေ ပိုမိုအားကောင်းလာစေရေးကို တရုတ်နိုင်ငံဘက်မှ ဆက်လက် ထောက်ခံသွားမယ်” လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ နိုင်ငံတကာတရားစီရင်ရေး အဖွဲ့အစည်းတွေဟာ နိုင်ငံတကာ တရားမျှတမှုကို ထိန်းသိမ်းစောင့်ရှောက်ဖို့ အရေးပါတဲ့ ယန္တရားတွေ ဖြစ်တယ်လို့ တရုတ်နိုင်ငံက ယုံကြည်ပေမဲ့ သူတို့ရဲ့ တရားစီရင်ပိုင်ခွင့်ကို ဥပဒေနဲ့အညီ ပိုမိုသတိကြီးကြီးထားပြီး ကျင့်သုံးရမှာ ဖြစ်ကြောင်း ပြောပါတယ်။

တရားစီရင်ပိုင်ခွင့်ကို ကျော်လွန်လုပ်ဆောင်တာနဲ့ ဥပဒေကို လိုတာထက် ပိုမိုကျယ်ပြန့်အောင် အဓိပ္ပာယ်ဖွင့်ဆိုတာမျိုးတွေ အပေါ် တရုတ်နိုင်ငံအနေနဲ့ စိုးရိမ်ပူပန်မှုတွေ ရှိနေပြီး အဲဒီလို လုပ်ရပ် တွေဟာ အငြင်းပွားမှု ဖြေရှင်းရေးအတွက် အထောက်အကူ မဖြစ်စေဘူးလို့ ယုံကြည်ကြောင်း လည်း သူက ပြောပါတယ်။

ICJ  တရားရုံးအမှုစီရင်ချက်ချရာမှာပါဝင်သူတယောက်ဖြစ်တဲ့  တရုတ်နိုင်ငံသား တရားသူကြီး ရွှယ် ဟန်ချင်းဟာ စီရင်ချက်တွေထဲက တခုကလွဲလို့ ကျန်စီရင်ချက်အားလုံးမှာ မြန်မာနိုင်ငံဘက်ကနေ ထောက်ခံမဲပေးခဲ့တာဟာ တရုတ်အစိုးရဲ့  ညွှန်ကြားချက်အရ ဆောင်ရွက်ခဲ့တာလားလို့ AFP သတင်းထောက်က မေးခွန်းထုတ်ခဲ့ပါတယ်။ 

ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ပြောရေးဆိုခွင့်ရှိသူ ကိုကျားခွန်းက” အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဟာ ကမ္ဘာ့ကုလသမဂ္ဂရဲ့ အဓိကတရားစီရင်ရေးအဖွဲ့အစည်းဖြစ်ပြီး တရားသူကြီးတွေက တဦးချင်း လွတ်လပ်စွာ တာဝန်ထမ်းဆောင်ကြတယ်။ တရားသူကြီး ရွှယ် ဟန်ချင်းဟာ  နိုင်ငံတကာဥပဒေနဲ့ အမှုဖြစ်စဉ် အချက်အလက်တွေအပေါ် အခြေခံကာ မိမိရဲ့ ကျွမ်းကျင်မှုနဲ့ အသိပညာတွေကို အသုံးပြုပြီး သဘောထားအမြင်တွေကို ဖော်ပြခဲ့တာဖြစ်တယ်။ သူဟာ တရားရုံးရဲ့ ပုံမှန်လုပ်ငန်းစဉ် နဲ့ လက်တွေ့ကျင့်သုံးမှုတွေနဲ့ ကိုက်ညီတဲ့အပြင် သူ့ရဲ့ တာဝန်ဝတ္တရားတွေကို ကျေပွန်စွာ ထမ်းဆောင် ခဲ့တာတာ ဖြစ်တယ်”လို ဖြေကြားသွားပါတယ်။ 

ICJ တရားရုံးက နိုဝင်ဘာ ၁၉ ရက်မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရိုဟင်ဂျာ ထောင်ပေါင်း များစွာကို သတ်ဖြတ်တာ၊ ကျယ်ကျယ်ပြန့်ပြန့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာနဲ့ ဘင်္ဂလားဒေ့ရှ် ဘက် ထွက်ပြေးသူတွေကို တိုက်ခိုက်တာတွေ ကျူးလွန်ခဲ့တယ်လို့ ဆုံးဖြတ်ခဲ့တာပါ။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွပ်စွဲ အမှုဖွင့်အပြီး ၇ နှစ်အကြာမှာ ထွက်ပေါ်လာတဲ့ ဒီဆုံးဖြတ်ချက်ဟာ လူမျိုးတုံး သတ်ဖြတ်မှုအတွက် နိုင်ငံတနိုင်ငံမှာ တာဝန်ရှိကြောင်း ICJ ရဲ့ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက် ဖြစ်ပါတယ်။ 

မြန်မာစစ်အာဏာရှင် ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကတော့ ICJ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မှားယွင်းစွပ်စွဲမှုဖြစ်သလို တညီတညွတ်တည်း မရှိဘဲ မတရားဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။

မြန်မာနိုင်ငံနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိတဲ့ တရုတ်နိုင်ငံကတော့ ရခိုင်ပြည်နယ် ပြဿနာဟာ ရှုပ်ထွေး တဲ့ သမိုင်းကြောင်း၊ လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ ဇာစ်မြစ်တွေ ရှိနေတယ်လို့ ပြောကြား ထားပါတယ်။ 

Source: Reuters

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013