ICJ ဆုံးဖြတ်ချက် စစ်တပ်၏ ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရန် အချက်ပေးသံဟု NUG ပြော

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ဟာ ဆယ်စုနှစ်များစွာ အမြစ်တွယ်နေတဲ့ မြန်မာစစ်တပ်ရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် အလေ့အထကို အဆုံးသတ်ဖို့ အချက်ပေးခေါင်းလောင်းသံ တခု ဖြစ်သလို စစ်အာဏာရှင်ဘက်က မလိုက်နာဘဲ ပယ်ချပါက ကုလသမဂ္ဂ ပဋိညာဉ် ပုဒ်မ ၉၄ အရ ဆက်လက်အရေးယူနိုင်မဲ့လမ်းကြောင်း ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက်က ချမှတ်လိုက်တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ဆုံးဖြတ်ချက်ဟာ ရိုဟင်ဂျာအရေးတင်မကဘဲ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက်ပါ နိုင်ငံတကာ ဥပဒေလမ်းကြောင်းကနေ တရားမျှတမှု ပြန်လည်ရှာဖွေနိုင်မဲ့ အရေးပါတဲ့ အလှည့်အပြောင်း စမှတ်တခု ဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုပါတယ်။
“မနေ့က verdict (စီရင်ချက်) မှာ ဖတ်သွားတဲ့အထဲမှာ ဆိုလို့ရှိရင် ဆုံးဖြတ်ချက်ကို ဖတ်ကြားသွားတဲ့ အကြောင်းအရင်းပေါ့။ ဒီဖတ်တဲ့အထဲတွေမှာ ဆိုရင်လည်း မင်းအောင်လှိုင် ဆိုတဲ့ နာမည်က မကြာခဏ ပါတာကို တွေ့ရတယ်။ ဒီ မြန်မာစစ်တပ်နဲ့ မင်းအောင်လှိုင်နဲ့ နောက်ပြီး အမုန်းစကား အစရှိသဖြင့် နောက်ပြီးတော့ အဲ့အချိန်တုန်းက သူက ကာကွယ်ရေးဦးစီးချုပ် ဖြစ်တယ်။ State ရဲ့ Institution ဖြစ်တဲ့ စစ်တပ်ရဲ့ ကျူးလွန်မှုတွေ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒါကို ထပ်ခါထပ်ခါ ဖော်ပြသွားတယ်ပေါ့။ ရှင်းရှင်းလင်းလင်းလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ကျမမြင်တာကတော့ ဒါက တရားမျှတမှု ပြန်လည်ရရှိဖို့နဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အဆုံးသတ်ဖို့ အချက်ပေး ခေါင်းလောင်းသံ ဖြစ်တယ်လို့ ကျမတော့ မြင်တယ်။”
ဒါ့အပြင် ICJ ရဲ့ အမိန့်ဆုံးဖြတ်ချက်ဟာ နိုင်ငံတော်အပေါ် စည်းနှောင်မှု (Binding) ရှိတဲ့ ဆုံးဖြတ်ချက် ဖြစ်တာကြောင့် စစ်အာဏာရှင်ဘက်က လက်မခံ ပယ်ချရုံနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ဥပဒေအရ လိုက်နာရမဲ့ တာဝန်တွေ ပျောက်ကွယ်မသွားသလို တကယ်လို့ နှစ်နှစ်အတွင်း လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်မယ်ဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ တဆင့် ဆက်လက်အရေးယူနိုင်မဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိနေတယ်လို့ ဒေါ်ဇင်မာအောင်က ရှင်းပြပါတယ်။
“အကယ်၍ ဒီစစ်အုပ်စုက ဒါကို လက်မခံဘူး၊ ပယ်ချတယ် ဆိုရုံလောက်နဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ဥပဒေတွေကို လိုက်နာရမဲ့ စည်းနှောင်မှုတွေ၊ တာဝန်တွေက ပျောက်ကွယ်မသွားဘူး။ ICJ ရဲ့ ဆုံးဖြတ်ချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိဘူး ဆိုလို့ရှိရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေပြီးတော့ ဆက်လက် အရေးယူဆောင်ရွက်နိုင်ဖို့လို့ဆိုတာ UN ပဋိညာဉ် Article 94 မှာ ရှိတယ်။”
တဖက်မှာလည်း လျော်ကြေးပေးတာ၊ ပြန်လည်ထူထောင်ရေးနဲ့ နောက်ထပ် မကျူးလွန်စေဖို့ ဥပဒေစီမံချက်တွေ ချမှတ်တာ အပါအဝင် တရားရုံးရဲ့ ညွှန်ကြားချက်တွေကို နှစ်နှစ်အတွင်း အကောင်အထည်ဖော် အစီရင်ခံဖို့ ကိစ္စဟာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာစာချုပ်ကို လက်မှတ်ရေးထိုးထားတာကြောင့် ဥပဒေကြောင်းအရ မဖြစ်မနေ လိုက်နာရမဲ့ တာဝန် (Legally Binding) ရှိနေတယ်လို့ တရားလွှတ်တော်ရှေ့နေတယောက်က သုံးသပ်ပါတယ်။
ပုံမှန်တရားမမှုတွေလို လျော်ကြေးပမာဏ အတိအကျ သတ်မှတ်ပေးတာမျိုး မဟုတ်ဘဲ နိုင်ငံတော်အနေနဲ့ ဘယ်လို ယန္တရား၊ အဆင့်ဆင့်နဲ့ အကောင်အထည်ဖော်မလဲ ဆိုတဲ့ လုပ်ငန်းစဉ်ကို ပြန်လည်အစီရင်ခံ တင်ပြရမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
“ကျမတို့နိုင်ငံက ဒီလိုမျိုး လူမျိုးတုံး သတ်ဖြတ်မှုတွေကို မကျူးလွန်ပါဘူးလို့ အာမခံပြီးတော့ စာချုပ်မှာ လက်မှတ်ထိုးထားတာ နိုင်ငံအနေနဲ့ ဖြစ်တယ်။ အဲ့တော့ နိုင်ငံအနေနဲ့ လိုလားလို့ပြောရင် တရားဝင်ဖြစ်မှုအပိုင်းတွေရှိတယ်၊ လိုတယ်။ ကိုယ်က ဒီ ရပ်တည်ချင်တယ်၊ နိုင်ငံတကာမှာ legitimate ဖြစ်ချင်တယ်၊ တိုင်းပြည် ဖြစ်ချင်တယ်၊ ပြီးတော့ ကိုယ့်နိုင်ငံအနေနဲ့ လက်မှတ်ထိုးထားပြီးသား ဖြစ်တဲ့အတွက်ကြောင့် ကျမတို့က လုပ်မယ်လို့ ပြောထားပြီးရင် ဒါ လုပ်ကို လုပ်ရမယ်ဆိုတဲ့ legally binding ရှိတဲ့အတွက်ကြောင့် လုပ်ရမှာဖြစ်တယ်။”
နိုဝင်ဘာ ၁၉ ရက်က ချမှတ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ အမိန့် ဆုံးဖြတ်ချက်ထဲမှာတော့ မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း တရားရုံးက အတည်ပြု ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် နစ်နာသူ ရိုဟင်ဂျာတွေကို လျော်ကြေးပေးဖို့၊ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်ပို့ဖို့နဲ့ ကျူးလွန်သူတွေကို ဖော်ထုတ်အရေးယူဖို့ ညွှန်ကြားခဲ့သလို ဒီလုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး နှစ်နှစ်အတွင်း တရားရုံးထံ ပြန်လည်အစီရင်ခံတင်ပြဖို့ကိုပါ ICJ က အမိန့်ချမှတ် ဆုံးဖြတ်ထားပါတယ်။
မောရစ်











