ICJ စီရင်ချက်အပေါ် ရိုဟင်ဂျာများ၏ သဘောထားနှင့် မျှော်လင့်ချက်

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ အပြီးသတ် ဆုံးဖြတ်ချက်ဟာ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုနဲ့ အမှန်တရားကို ကမ္ဘာ့အမြင့်ဆုံးတရားရုံးက အတည်ပြုပေးလိုက်တဲ့ သမိုင်းဝင်နေ့တနေ့ဖြစ်တယ်လို့ ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။
ဒီစီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက်သာမက စစ်အာဏာရှင်လက်အောက်မှာ ဖိနှိပ်ခံနေရတဲ့ မြန်မာပြည်သူအားလုံးရဲ့ အောင်ပွဲဖြစ်တယ်လို့လည်း ဆိုပါတယ်။
နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့မှာ ၇ နှစ်ကြာ စစ်ဆေးခဲ့တဲ့ ဂမ်ဘီယာ-မြန်မာ အမှုအတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာနိုင်ငံမှာ အပြစ်ရှိကြောင်း နိုဝင်ဘာ ၁၉ ရက်က အပြီးသတ် ဆုံးဖြတ်လိုက်တာပါ။
၂၀၁၇ ခုနှစ်က စစ်တပ်ရဲ့ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးအတွင်း အသက်ဘေးကနေ လွတ်မြောက်လာသူတွေနဲ့ ကမ္ဘာတဝန်းက ရိုဟင်ဂျာအသိုက်အဝန်းအတွက်တော့ ဒီဆုံးဖြတ်ချက်ဟာ မယုံနိုင်လောက်အောင် စိတ်လှုပ်ရှားစရာ ဖြစ်ခဲ့ရသလို၊ သူတို့ ကြုံတွေ့ခဲ့ရတဲ့ နာကျင်မှုတွေကို ကမ္ဘာက အသိအမှတ်ပြုလိုက်တာလို့ ဆိုကြပါတယ်။
Rohingya Maìyafuìnor Collaborative Network တည်ထောင်သူ ရာစမင်အူလာက “ပထမတော့ အံ့အားသင့်သွားပြီး တကယ်ဖြစ်နေတယ်လို့တောင် မခံစားရဘူး။ ငါ တကယ်ပဲ မှန်မှန်ကန်ကန် ကြားနေရတာလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် နည်းနည်းလောက် ဆိတ်ကြည့်မိတယ်။ ဒါပေမဲ့ အဲဒါကို ကြားလိုက်ရတဲ့အချိန်မှာ ကျမတို့ အသိုက်အဝန်း၊ ကျမတို့မိသားစုအပေါ် ကျူးလွန်ခံခဲ့ရတဲ့ ချိုးဖောက်မှုတွေနဲ့ ၂၀၁၇ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေးတွေရဲ့ မှတ်ဉာဏ်တွေအားလုံး ပြန်ပေါ်လာတယ်။ ဒါက ကျူးလွန်ခဲ့သူတွေကို အပြစ်ပေးစေချင်ရုံ သက်သက်ကြောင့် အရေးကြီးတာ မဟုတ်ပါဘူး၊ ရိုဟင်ဂျာတွေအနေနဲ့ သူတို့ အစစ်အမှန် ကြုံတွေ့ခဲ့ရတာတွေအတွက် သူတို့ရဲ့ အသံတွေကို ကြားတဲ့သူတွေရှိတယ်လို့ ခံစားရစေဖို့အတွက်လည်း အရေးကြီးပါတယ်” လို့ ပြောပါတယ်။
ICJ ရဲ့ စီရင်ချက်ထဲမှာ ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံမှာ မျိုးဆက်ပေါင်းများစွာ နေထိုင်လာခဲ့ကြ သူတွေဖြစ်ပြီး စစ်တပ်က ကျောထောက်နောက်ခံပြုထားတဲ့ အမုန်းစကားတွေနဲ့ ခွဲခြားမှုတွေကြောင့် လူ့အသိုက်အဝန်းရဲ့ အပယ်ခံဖြစ်ခဲ့ရကြောင်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ဒါဟာ ဆယ်စုနှစ်ပေါင်းများစွာ ငြင်းပယ်ခံခဲ့ရတဲ့ ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုနဲ့ ဂုဏ်သိက္ခာကို ပြန်လည်အသိအမှတ်ပြုလိုက်တာလို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ (BROUK) ဥက္ကဋ္ဌ ဦးထွန်းခင်က ပြောပါတယ်။
“နိုဝင်ဘာ ၁၉ ရက် ICJ ရဲ့ ဆုံးဖြတ်ချက်ကတော့ ရိုဟင်ဂျာတွေအတွက် သမိုင်းဝင်နေ့တနေ့ပေါ့နော်။ နှစ်ပေါင်း ၆၀၊ ၇၀ ရှိပြီ၊ ကျနော်တို့ကို ခိုးဝင်ဘင်္ဂါလီဆိုပြီးတော့ ရိုဟင်ဂျာဆိုတဲ့ နာမည်ကိုတောင် မခေါ်ကြဘူး။ အခု ကမ္ဘာ့တရားရုံးကနေ ရိုဟင်ဂျာတွေဟာ ဌာနေတိုင်းရင်းသားလူမျိုးတမျိုး ဖြစ်ပြီးတော့ နှစ်ပေါင်းများစွာ ရခိုင်ပြည်နယ်မှာ ရှိခဲ့ကြတယ်ဆိုတာကို အသိအမှတ်ပြုလိုက်တာဟာ ကျနော်တို့ရဲ့ identity နဲ့ ဂုဏ်သိက္ခာကို တကယ့်ကို အသိအမှတ်ပြုလိုက်တာပါ။ ကျနော်တို့ လူမျိုးတုံးသတ်ဖြတ်မှုကနေ လွတ်မြောက်လာတဲ့သူတွေအတွက် မျှော်လင့်ချက် ရောင်ခြည်တခု ထွက်လာပြီလို့ ပြောချင်ပါတယ်။”
တဖက်မှာတော့ ICJ စီရင်ချက် ထွက်ပေါ်လာပြီးနောက် အွန်လိုင်းပေါ်မှာ ရိုဟင်ဂျာတွေအပေါ် အမုန်းစကားဖြန့်ဝေမှုတွေ ရှိနေဆဲဖြစ်ပါတယ်။
ဒါပေမဲ့ ဒီစီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက်သာမက စစ်အာဏာရှင်စနစ်အောက်မှာ နေ့စဉ် အကြမ်းဖက်ခံနေရတဲ့ မြန်မာပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့ အောင်ပွဲဖြစ်တယ်လို့ ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ (RCC) အထွေထွေအတွင်းရေးမှူးချုပ် ဂျေးဗက်အီလွမ်က ထောက်ပြပါတယ်။
“ဒီအောင်ပွဲဟာ ရိုဟင်ဂျာတွေတခုတည်း ပိုင်ဆိုင်တဲ့ အောင်ပွဲမဟုတ်ပါဘူး။ ကျနော်တို့ အကြာကြီး ခံစားလာခဲ့ရတဲ့ ဒုက္ခမျိုးတွေကို အတူတူခံစားနေကြရတဲ့ မြန်မာနိုင်ငံက တခြားတိုင်းရင်း သားပြည်သူတွေအားလုံးနဲ့ သက်ဆိုင်တဲ့ အောင်ပွဲဖြစ်ပါတယ်။ တချို့က CDM လုပ်ပြီး တော်လှန်နေကြတယ်။ တချို့က လက်နက်ကိုင်တိုက်ပွဲဝင်နေကြတယ်။ ဒါဟာလည်း လူမျိုးတုံးသတ်ဖြတ်မှုလို အကြီးလေးဆုံး ရာဇဝတ်မှုကို ကျူးလွန်တဲ့ စစ်တပ်ကို ဘယ်လိုအရေးယူမလဲဆိုတဲ့ တော်လှန်ရေးပုံစံတခုပါပဲ။ ဒီနေ့ဖြစ်နေတာတွေ ဘာတခုမှ အရေးမယူဘဲ ပြီးသွားမှာမဟုတ်ဘူးဆိုတဲ့ သတင်းစကားကို ပေးလိုက်တာပါ။”
ICJ ဟာ နိုင်ငံတော်အဆင့် တာဝန်ရှိမှုကို ဆုံးဖြတ်တာဖြစ်ပေမဲ့ ဒီစီရင်ချက်ဟာ စစ်ခေါင်းဆောင် တဦးချင်းစီကို အပြစ်ပေးအရေးယူဖို့ ကြိုးပမ်းနေတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) နဲ့ အာဂျင်တီးနားတရားရုံးတို့လို တရားစီရင်ရေးလမ်းကြောင်းတွေအတွက်ပါ ကြီးမားတဲ့ တွန်းအားဖြစ်စေမယ်လို့ ဦးထွန်းခင်က ပြောပါတယ်။
“ဒီလို ဆုံးဖြတ်ချက်ချလိုက်တာက ကျနော်တို့အတွက် လမ်းကြောင်းတခုကို စဖွင့်ပေးလိုက်တာပါပဲ။ စစ်တပ်မှာ ဘယ်သူက အမိန့်ပေးခဲ့လဲ၊ ဘယ်တပ်မ၊ ဘယ်တပ်ရင်းက ဘယ်သူတွေ ပါခဲ့လဲဆိုတဲ့ individual criminal accountability ကို ကျနော်တို့ ဆက်သွားလို့ ရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ကင်းလွတ်ခွင့်ဆိုတဲ့ impunity ကို တောက်လျှောက်ရနေတာ၊ အခု ဒီဆုံးဖြတ်ချက်က သူတို့အတွက် အကြီးအကျယ် ရိုက်ခတ်မှုတခု ဖြစ်ပါတယ်။”
ICJ ရဲ့ အပြီးသတ် ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး၊ နစ်နာကြေးပေးရေးနဲ့ စစ်တပ်အပေါ် အရပ်ဘက်ထိန်းချုပ်မှု ထားရှိရေးတို့ကို ဆောင်ရွက်ရမှာဖြစ်ပြီး၊ ၂ နှစ်အတွင်း တရားရုံးထံ အစီရင်ခံစာ တင်သွင်းရမှာ ဖြစ်ပါတယ်။
ဒီဆုံးဖြတ်ချက်ကို မလိုက်နာပါက ကုလသမဂ္ဂ လုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာအသိုက်အဝန်းက ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်ဖို့ ရိုဟင်ဂျာအဖွဲ့အစည်းတွေက ဆက်လက်တွန်းအားပေးသွားမယ်လို့ ပြောကြားထားပါတယ်။
မြတ်သဇင်











