ICJ စီရင်ချက်အပေါ် နိုင်ငံတကာဖိအားနဲ့ ရိုဟင်ဂျာတွေရဲ့ အနာဂတ်- မေးမြန်းချက်

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ အပြီးသတ်စီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုရရှိရေး မှတ်တိုင်တခုဖြစ်သလို မြန်မာစစ်ခေါင်းဆောင်တွေအပေါ် တာဝန်ခံမှုရှိလာရေးအတွက်လည်း နိုင်ငံတကာဖိအားတွေ ပိုမိုတိုးလာစေနိုင်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ Fortify Rights က သုံးသပ်ပါတယ်။
ဒီစီရင်ချက်ရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေနဲ့ပတ်သက်ပြီး ICJ မှာ သွားရောက်လေ့လာခဲ့တဲ့ Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာစုံစမ်းစစ်ဆေးရေး အထူးတာဝန်ခံ ကိုလင်းထက်ကို DVB သတင်းထောက် ဝေဝေက မေးမြန်းထားပါတယ်။
မေး။ အပြီးသတ်စီရင်ချက်ချမှတ်တဲ့အချိန် ICJ တရားရုံးမှာ ကိုယ်တိုင်တက်ရောက်ခဲ့ရတဲ့ အတွေ့အကြုံလေး အရင်ဆုံး မျှဝေပေးပါ။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် ကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ “စီရင်ချက်ချတဲ့အချိန် ရိုဟင်ဂျာလူမျိုးတွေ ပျော်ရွှင်၊ ဝမ်းနည်းမှုတွေနဲ့ စိတ်ခံစားချက်တွေ စုံလင်နေခဲ့တာကို မြင်ခဲ့ရတယ်။ စစ်တပ်ရဲ့ ဆယ်စုနှစ်များစွာ ဖိနှိပ်သတ်ဖြတ်ခံရတဲ့ လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်လို့ ကမ္ဘာ့အမြင့်ဆုံးတရားရုံးတခုက ရိုဟင်ဂျာလူမျိုးတွေဟာ သတ်မှတ်လိုက်တဲ့ အခိုက်အတန့်က ခံခဲ့ရတဲ့သူတွေအတွက် တရားမျှတမှု လမ်းကြောင်း စဖွင့်သွားတယ်လို့ ခံစားရတယ်။ ဒီလို အသိအမှတ်ပြုလိုက်တဲ့ ဆုံးဖြတ်ချက်က ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူနိုင်ဖို့နဲ့ ကိုယ့်မြေကိုယ့်ပြည် ဂုဏ်သိက္ခာရှိရှိ ပြန်နိုင်ဖို့ကြီးမားတဲ့ အကျိုးသက်ရောက်မှုတခု ဖြစ်စေမှာပါ။ အင်မတန်မှ အရေးကြီးတဲ့ စီရင်ချက်တခုလို့မြင်ပါတယ်။”
မေး။ ဒီစီရင်ချက်အပေါ် ကုလသမဂ္ဂအပါအဝင် အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာအသိုက်အဝန်းရဲ့ တုံ့ပြန်မှုတွေကို တွေ့မြင်ရပါတယ်။ Fortify Rights အနေနဲ့ လက်ရှိနိုင်ငံတကာရဲ့ အာရုံစိုက်မှုနဲ့ တုံ့ပြန်မှုတွေကို ဘယ်လိုအကဲဖြတ်ပါသလဲ။ ဒီအာရုံစိုက်မှုတွေဟာ လက်တွေ့တာဝန်ယူမှုရှိလာစေဖို့ လုံလောက်တဲ့ ဖိအားတခု ဖြစ်လာနိုင်ပါသလား။
ဖြေ။ “ကျနော့်အမြင်ပြောရရင် စစ်ခေါင်းဆောင်အတွက် လွန်ခဲ့တဲ့လတွေမှာ ဖွင့်လာခဲ့တဲ့ သံတမန်ဆက်ဆံရေးတွေ ပြန်ပိတ်သွားတာတွေ ဖြစ်လာနိုင်တယ်။ ICJ ရဲ့ ဆုံးဖြတ်ချက်အမိန့်တွေ မလိုက်နာရင် ကမ္ဘာ့နိုင်ငံတွေက ဖိအားပေးတာတွေများလာပြီး၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း ဆက်တိုက်ရှိလာမှာပါ။ လူမျိုးတုံးသတ်ဖြတ်မှုဆိုတာက ကမ္ဘာ့အမြင့်ဆုံး ရာဇဝတ်မှုတခုဖြစ်တဲ့အတွက် ICC အမှုလည်း မြန်ဆန်လာနိုင်ပြီး မကြာခင်ကာလအတွင်း ကျူးလွန်သူစစ်တပ်ခေါင်းဆောင်တွေကို ဖမ်းဝရမ်းထုတ်လာနိုင်တာကို မြင်ရတယ်။ ဖိအားကတော့ ဆက်တိုက် တိုးလာနိုင်တယ်။”
မေး။ မြန်မာ့အရေးမှာ အာဆီယံဟာ အရေးပါတဲ့ ဒေသတွင်းအဖွဲ့အစည်းတခုဖြစ်ပေမဲ့ ICJ ရဲ့ အခုလို အပြီးသတ်စီရင်ချက်အပေါ် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ တုံ့ပြန်မှုနဲ့ စုပေါင်းသဘောထားက ဘယ်လောက်အထိ ထိရောက်မှုရှိတယ်လို့ မြင်ပါသလဲ။ အာဆီယံအနေနဲ့ ဒီစီရင်ချက်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ရေး ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်သင့်ပါသလဲ။
ဖြေ။ “လက်ရှိအချိန်ထိတော့ အာဆီယံနိုင်ငံတွေရဲ့ ထုတ်ပြန်ချက်တွေက ပျော့ပျောင်းတာကို တွေ့ရတယ်။ ICJ ရဲ့ဆုံးဖြတ်ချက်ကို လက်ခံတယ်၊ အသိအမှတ်ပြုတယ်လို့ ဆိုထားပေမဲ့ တကယ်ဘယ်အတိုင်းအတာအထိ ဖိအားပေး အရေးယူနိုင်ဖို့ လုပ်ဆောင်ကြမလဲ စောင့်ကြည့်ရမှာပါ။ စစ်ခေါင်းဆောင် ရာဇဝတ်သားကို လက်ဆွဲနှုတ်ဆက်ခဲ့တဲ့ မလေးရှား၊ ထိုင်းနဲ့ ကမ္ဘောဒီးယားလို စသဖြင့် နိုင်ငံတွေ legitimacy ပေးနေတာတွေ ရပ်တန့်မလား မရပ်တန့်ဘူးလား ကြည့်ပြီးမှ သုံးသပ်နိုင်မှာပါ။ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ရာဇဝတ်သား တယောက်ကို ဆက်ပြီး လက်ဆွဲနှုတ်ဆက်နေရင် သူတို့နိုင်ငံရေးသိက္ခာရော ပြည်သူ့ထောက်ခံမှုရော ထိခိုက်လာနိုင်တာကို သတိထားကြမယ်လို့ သုံးသပ်မိတယ်။”
မေး။ လက်ရှိစစ်အာဏာရှင်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အခုစီရင်ချက်ကို လက်ခံဖို့ အခက်အခဲရှိတဲ့ သဘောထားမျိုး ထုတ်ပြန်ထားပါတယ်။ ဒီလိုတုံ့ပြန်မှုတွေနဲ့အတူ ICJ ရဲ့ အပြီးသတ်စီရင်ချက်ကို လက်တွေ့လိုက်နာအောင် နိုင်ငံတကာအသိုက်အဝန်းက ဘယ်လိုဖိအားပေးမှု၊ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်နိုင်ပါသလဲ။
ဖြေ။ “စစ်အုပ်စုအနေနဲ့ ခေတ်အဆက်ဆက် အခုလိုပဲ ကျူးလွန်ခဲ့သမျှ ငြင်းဆန်ဖူးတာပဲ ရှိတယ်။ တာဝန်ယူမှု တာဝန်ခံမှုမရှိခဲ့လို့ အခုထိ မြန်မာပြည်အနှံ့ ပြည်သူကိုသတ်ဖြတ်နေနိုင်ကြတာ။ နိုင်ငံအုပ်ချုပ်နေတဲ့ စစ်ခေါင်းဆောင်တွေ အခုတော့ မတူညီတဲ့ အခြေအနေတခုမှာ ရောက်နေတယ်လို့ မြင်ပါတယ်။ တာဝန်ဖြေရှင်းဖို့ငြင်းလေ ပိုပြင်းထန်တဲ့ ဖိအားတွေ ရောက်လာလေပါပဲ။ ယူကေနိုင်ငံက ခေါ်ထားတဲ့ လာမဲ့လုံခြုံရေးကောင်စီ အစည်းအဝေးပြီးမှ ဘယ် အတိုင်းအတာအထိ ဖိအားပေး အရေးယူမှုလမ်းကြောင်းကို သွားကြမလဲ ပိုပြီးသိရှိလာရမယ်လို့ မြင်ပါတယ်။တရုတ်၊ ရုရှားတို့ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ရာဇဝတ်သား မင်းအောင်လှိုင်ကို နောက်ဆုံးကျ ထိုးကျွေးပြီး သူတို့နဲ့အဆင်ပြေမဲ့ အစားထိုးခေါင်းဆောင်တယောက်လည်း တင်ချင်တင်သွားနိုင်တဲ့ အခွင့်အလမ်းတခုသူတို့မှာ ရှိနေတယ်။ သူတို့နိုင်ငံရေး ပုံရိပ်လည်း အထိမခံဘဲ စစ်အုပ်စုနဲ့ သူတို့ဆက်ဆံရေးလည်း ဆက်လက်ရှိနေမဲ့ လမ်းကြောင်းတခုပေါ့။”
မေး။ အခုစီရင်ချက်ဟာ တရားမျှတမှုရရှိရေးအတွက် အရေးပါတဲ့ မှတ်တိုင်တခုဖြစ်ပေမဲ့ ရိုဟင်ဂျာတွေအတွက်လက်တွေ့ဘဝမှာ ဘာတွေပြောင်းလဲလာမလဲဆိုတာက အရေးကြီးနေပါတယ်။ ဒီအပေါ်မှာရော ဘယ်လို သဘောထား မှတ်ချက်ပြုလိုပါသလဲရှင်။
ဖြေ။ “အခုစီရင်ချက်က တရားမျှတမှု ရှာဖွေရေး လမ်းစပဲရှိပါတယ်။ လူမျိုးတုံးသတ်ဖြတ်ခဲ့တဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူနိုင်ဖို့က ပထမဆုံး အချက်ပါ။ ပြစ်မှုကျူးလွန်ခဲ့တာ အတည်ပြုလိုက်ပြီ ဆိုတော့ နိုင်ငံတကာ အစိုးရတွေနဲ့ advocacy လုပ်ရတာ အတော်လွယ်ကူသွားတဲ့သဘောပါ။ ဒီမတိုင်ခင်ကဆို လူမျိုးတုံးသတ်ဖြတ်မှုမြောက်၊ မမြောက် အတည်မပြုရသေးတော့ အရေးယူမှုအပိုင်းလည်း လိုအပ်သလောက်မပြင်းထန်ခဲ့ဘဲ၊ နှေးကွေးခဲ့တာကို တွေ့ရမယ်။ ICC က ရာဇဝတ်ခုံရုံးဆိုတော့ အဲ့ဒီမှာရှိနေတဲ့အမှုမှာ ဒီစီရင်ချက်ရဲ့ သက်ရောက်မှုကြီးမားတယ်။ လုပ်ငန်းစဉ်မြန်ဆန်လုပ်လာမဲ့ပုံတွေ့ရပါတယ်၊ မကြာခင်လည်း မင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါတွေအတွက် ဖမ်းဝရမ်းထွက်လာနိုင်တယ်လို့ ပြောချင်တယ်။ ရိုဟင်ဂျာတွေကို နိုင်ငံတကာ တရားရုံးက protected group လူမျိုးစု အနေနဲ့သတ်မှတ်လိုက်တော့ ပထမဆုံးက သူတို့ပေါ် စစ်တပ်ကရော၊ တခြားလက်နက်ကိုင်တွေကရော အလားတူကျူးလွန်တာ နိုင်ငံတကာရာဇဝတ်မှုမြောက်နိုင်တဲ့အတွက် အကာကွယ်တခု တိုးလာတယ်။ သူတို့ကို ပိုပြီးကာကွယ်ဖို့ ဘဝပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအနေနဲ့ တာဝန်ရှိလာပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှု ခဲ့ခံရတဲ့လူမျိုးစုတခုရဲ့ အခြေအနေကို ပိုပြီးအနီးကပ်စောင့်ကြည့် သွားကြမှာပါ။ ဒါတွေက ရှိလာမဲ့ လက်တွေ့အပြောင်းအလဲတွေလို့ မြင်ပါတယ်။”











