နိုင်ငံတကာဥပဒေ ချိုးဖောက်ကျူးလွန်သူများ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန် SCEF တောင်းဆို

နိုင်ငံတကာဥပဒေကို ပြင်းထန်စွာ ချိုးဖောက်ကျူးလွန်မှုအားလုံးအတွက် ကျူးလွန်သူတွေ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေဖို့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF)က နိုဝင်ဘာ ၂၂ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်မြောက်ပိုင်းရှိ ရိုဟင်ဂျာအုပ်စုအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး SCEF က သဘောထားထုတ်ပြန်လိုက်တာပါ။
“ဒီစီရင်ချက်ဟာ နိုင်ငံတကာတရားစီရင်ရေးမှာ သမိုင်းဝင်မှတ်တိုင်တရပ် ဖြစ်တယ်လို့ ရှုမြင်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီဟာ တရားဥပဒေစိုးမိုးရေး၊ တန်းတူ ညီမျှရေးနဲ့ ခွဲခြားဆက်ဆံမှုမရှိရေး အခြေခံမူတွေကို အခိုင်အမာ လက်ကိုင်ထားပါတယ်။ မြန်မာနိုင်ငံရှိ ပြည်သူအားလုံးတန်းတူညီမျှ အခွင့်အရေးတွေနဲ့ အကာအကွယ်ရရှိလျက် နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ အပြည့်အဝ၊ ပါဝင်နိုင်ရေးရဲ့ အရေးပါမှုကို လည်း အလေးအနက် အတည်ပြုပါတယ်” လို့ SCEF ကထုတ်ပြန်ချက်မှာ ပြောပါတယ်။
မြန်မာနိုင်ငံမှာ အတိတ်က ကျူးလွန်ခဲ့တာအပြင် လက်ရှိ ဆက်လက်ကျူးလွန်နေတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်လို့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေဖို့ ထိရောက်တဲ့ လက်တွေ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ဖို့ အလွန်အရေးကြီးတယ်။ နိုင်ငံတကာဥပဒေချိုးဖောက်မှုအားလုံးကို ရပ်တန့်ရမှာဖြစ်ပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေတဲ့ သံသရာကိုလည်း အဆုံးသတ်ရမယ်၊ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ မြန်မာစစ်တပ် ခေါင်းဆောင်ပိုင်းအပါအဝင် အဓိကတာဝန်ရှိသူတွေကို အကာအကွယ်ပေးတာ၊ ပံ့ပိုးပေးတာ မလုပ်ဘဲ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေးကို ထိရောက်စွာ ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်းမှာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ယနေ့တိုင် ဆက်လက်ကျူးလွန်နေကြောင်း၊ အရပ်သားပြည်သူကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်တာ၊ အတင်းအကျပ် နေရပ်စွန့်ခွာစေတာ၊ အတင်းအကျပ် စစ်မှုထမ်းစေတာ၊ ဂျန်ဒါအခြေပြု အကြမ်းဖက်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ အကြမ်းဖက်မှုကို လှုံ့ဆော်တာနဲ့ အမုန်းစကားဖြန့်ဝေတာ စတဲ့ လုပ်ရပ်အားလုံးကို ပြတ်ပြတ်သားသား ဆန့်ကျင်တယ်၊ တရားရုံး အမိန့်မှာ ဖော်ပြထားတဲ့အတိုင်း တရားမျှတမှု ဖော်ဆောင်ရေးအတွက် အလားတူ ရာဇဝတ်မှုတွေ ထပ်မံမဖြစ်ပွားစေဖို့ ယုံကြည်စိတ်ချရတဲ့ အာမခံချက်တွေ လိုအပ်တယ်လို့ SCEF ကထုတ်ပြန်ထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့နဲ့ ၂၀၂၆ ခုနှစ် မတ် ၃၀ ရက်က စတင်ဖွဲ့စည်းခဲ့တာပါ။











