DVB Logo
Home
Lead Story

ICJ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာကြောင်း မလေးရှား ပြော 

DVB
·
November 22, 2026
Photo: Mohamad Bin Haji Hasan’s Facebook (မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်) 
Photo: Mohamad Bin Haji Hasan’s Facebook (မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်) 
Donate to DVB

 

ဂမ်ဘီယာနဲ့ မြန်မာအမှုအပေါ်  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ကို မလေးရှားနိုင်ငံအနေနဲ့ လေးစားလိုက်နာကြောင်းနဲ့ ဒီဆုံးဖြတ်ချက်ဟာ မလေးရှားနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ တထပ်တည်း ကိုက်ညီနေတယ်လို့  မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၂ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူ စာချုပ်ကို ချိုးဖောက်ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက် မှာ အပြီးသတ် ဆုံးဖြတ်ချက် အမိန့်ချခဲ့တဲ့အပေါ်  မလေးရှားနိုင်ငံက သဘောထား ထုတ်ပြန်လိုက်တာပါ။

လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်ဝင် နိုင်ငံတနိုင်ငံအနေနဲ့ ထမ်းဆောင်ရမဲ့ တာဝန်ဝတ္တရားတွေ အပါအဝင် နိုင်ငံတကာဥပဒေကို လေးစားလိုက်နာစောင့်ထိန်းဖို့ မလေးရှားနိုင်ငံက ထပ်လောင်းအတည်ပြုတယ်၊ ICJ ရဲ့ တွေ့ရှိချက်တွေဟာ ထိခိုက်လွယ်တဲ့ လူသားအားလုံးကို အကာအကွယ်ပေးရေး ဆိုတဲ့ မလေးရှားနိုင်ငံရဲ့ ရပ်တည်ချက်နဲ့ တထပ်တည်း ကိုက်ညီနေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီလို ကာလရှည်ကြာ ဖြစ်ပွားနေတဲ့ အကျပ်အတည်းကို ဘက်စုံထောင့်စုံကနေ ရေရှည်တည်တံ့တဲ့ ဖြေရှင်းချက် ရရှိနိုင်ဖို့ မလေးရှားနိုင်ငံက ဆက်လက် တွန်းအားပေး တိုက်တွန်းသွားမှာ ဖြစ်ပြီး ဒီအထဲမှာ မလေးရှားနိုင်ငံအတွင်း ခိုလှုံနေကြတဲ့ ရိုဟင်ဂျာတွေရဲ့ ဒုက္ခဆင်းရဲတွေကို လျှော့ချပေးနိုင်မဲ့ လက်တွေ့ကျတဲ့ အစီအမံတွေ အကောင်အထည်ဖော်နိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တက်တက်ကြွကြွ ချိတ်ဆက်ဆောင်ရွက်သွားမှာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခု စီရင်ဆုံးဖြတ်ချက်ကနေ ပေါ်ပေါက်လာတဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံအနေနဲ့ ကုလသမဂ္ဂ၊  အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC)၊ အာဆီယံ အပါအဝင် တခြားသက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့လည်း ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

မလေးရှားနိုင်ငံဟာ ICJ တရားရုံးစီရင်ချက်နဲ့ ပတ်သက်ပြီး အာဆီယံ ဒေသတွင်းမှာ  ဖိလစ်ပိုင် ပြီးရင် ဒုတိယမြောက် သဘောထားထုတ်ပြန်တဲ့နိုင်ငံ ဖြစ်ပါတယ်။

ICJ က ချမှတ်လိုက်တဲ့ စီရင်ချက်ကို ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အသိအမှတ်ပြု ထောက်ခံတဲ့ အကြောင်းနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာဖို့ အရေးကြီးကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဌာနက နိုဝင်ဘာ ၂၀ ရက်မှာ  ကြေညာထားတာ ဖြစ်ပါတယ်။ 

စစ်အာဏာရှင်ရဲ့ နိုင်ငံခြားရေးဌာနကတော့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က လူမျိုးတုံး သတ်ဖြတ်တယ်လို့ ဆုံးဖြတ်ခံရတဲ့အပေါ် အများကြီး စိတ်ပျက်အားလျော့မိတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013