ICJ တရားစီရင်ချက် ရခိုင့်ဦးဆောင်ပါတီ စိတ်ပျက်၊ တရားမျှတမှုနဲ့ ကင်းကွာနေဟုဆို

မြန်မာနိုင်ငံအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)ရဲ့ တရားစီရင်ချက်နဲ့ပတ်သက်ပြီး လွန်စွာ စိတ်ပျက်မိတဲ့ အကြောင်းနဲ့ ဒီစီရင်ချက်ဟာ တရားမျှတမှုနဲ့ ကင်းကွာနေကြောင်း ဒေါက်တာအေးမောင် ခေါင်းဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP)က နိုဝင်ဘာ ၂၀ ရက်မှာ ကြေညာပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူ စာချုပ်ကို ချိုးဖောက်ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက် မှာ အပြီးသတ် ဆုံးဖြတ်ချက် အမိန့်ချခဲ့တဲ့အပေါ် ရခိုင့်ဦးဆောင်ပါတီက သဘောထား ထုတ်ပြန်လိုက်တာပါ။
ရခိုင်ပြည်နယ်မှာ ၂၀၁၆-၂၀၁၇ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ပဋိပက္ခတွေဟာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ ကန့်သတ်စစ်ဆင်ရေးသာဖြစ်ပြီး လူမျိုးတုံးစေဖို့ ရည်ရွယ်ချက် (Genocidal Intent) လုံးဝမရှိပါကြောင်းနဲ့ ARSA အကြမ်းဖက်အဖွဲ့ကြောင့်သာ ဒေသခံတိုင်းရင်းသားတွေနဲ့ (ရိုဟင်ဂျာ) ဘင်္ဂလီတွေ နေရပ်စွန့်ခွာခဲ့ရတဲ့ အမှန်တရားကို ICJ က လျစ်လျူရှုထားလို့ လွန်စွာ စိတ်ပျက်မိတယ်လို့ AFP ပါတီက ထုတ်ပြန်ပါတယ်။
ICJ ရဲ့ တရားစီရင်ရေးစံနှုန်းတွေနဲ့အညီ သံသယ ကင်းလွတ်တဲ့အထိ သက်သေပြဖို့ လိုအပ်ချက်မှ သွေဖည်ကာ တဆင့်ကြား အချက်အလက်တွေသာ ပါဝင်တဲ့ FFM နဲ့ NGOs အစီရင်ခံစာတွေအပေါ် အခြေခံဆုံးဖြတ်ထားသော စီရင်ချက်ဟာ တရားမျှတမှုနဲ့ ကင်းကွာနေတယ်လို့ ဆိုပါတယ်။
နိုင်ငံတကာအနေနဲ့ မြန်မာနိုင်ငံတော်ရဲ့ အချုပ်အခြာ အာဏာ၊ လွတ်လပ်မှုနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို လေးစားလျက် ပကတိအခြေအနေမှန်တွေကို ဓမ္မဓိဋ္ဌာန် ကျကျ ရှုမြင်သင့်တယ်လို့ ရခိုင့်ဦးဆောင်ပါတီက ပြောပါတယ်။
နေရပ်စွန့်ခွာသူတွေကို ပြန်လည်လက်ခံနိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဥ်တွေကို နိုင်ငံ့အချုပ်အခြာအာဏာန့ ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ အကျိုးစီးပွား မထိခိုက်စေဘဲ ဆက်လက်ဆောင်ရွက်သွားမဲ့ စစ်အာဏာရှင်အစိုးရရဲ့ ရပ်တည်ချက်အပေါ်မှာ ရခိုင့်ဦးဆောင်ပါတီ (AFP) အနေနဲ့ အပြည့်အဝထောက်ခံ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သဘောထား ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၁၈ ရက်က ကျင်းပတဲ့ (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဥ်ကျေးမှုဆိုင်ရာ ကော်မတီမှာ မြန်မာ့လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ဆုံးဖြတ်ချက်အဆို အတည်ပြုချမှတ်ခဲ့တာနဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ နိုဝင်ဘာ ၁၉ ရက်စီရင်ချက်တွေနဲ့ စပ်လျဥ်းပြီး စစ်အာဏာရှင် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အပေါ် အပြည့်အဝထောက်ခံတယ်လို့လည်း ရခိုင့်ဦးဆောင်ပါတီ (AFP) က ကြေညာထားပါတယ်။
ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုက်အဝန်းကတော့ မြန်မာနိုင်ငံအနေနဲ့ ICJ တရားရုံး စီရင်ချက်ကို အပြည့်အဝလိုက်နာဖို့ တိုက်တွန်းထားပါတယ်။
မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း၊ ဒီကျူးလွန်မှုတွေကို မင်းအောင်လှိုင် ခေါင်းဆောင်တဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေက ကျူးလွန်ခဲ့တာဖြစ်ပြီး ရိုဟင်ဂျာလက်နက်ကိုင်တပ်ဖွဲ့ ARSA ကို တိုက်ခိုက်ဖို့ ရည်ရွယ်တယ်လို့ စစ်တပ်က ဆိုပေမဲ့ သေဆုံးသူတွေထဲမှာ ကလေးသူငယ်တွေပါ ပါဝင်တာကြောင့် မကိုက်ညီဘူးလို့ တရားရုံးကဆိုပါတယ်။
ဒါ့အပြင် သက်သေဖျောက်ဖျက်တာတွေကိုလည်း လုပ်ခဲ့တယ်လို့ တရားရုံးက ဆိုပါတယ်။ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ရေး၊ ဖျက်ဆီးခံရတဲ့ ပိုင်ဆိုင်မှုတွေ ပြန်ပေးရေးနဲ့ လုံလောက်သင့်လျော်တဲ့ လျော်ကြေးပေးဖို့ မြန်မာနိုင်ငံမှာ တာဝန်ရှိကြောင်း တရားရုံးက အမိန့်ချထားပါတယ်။
ဒါ့အပြင် ပျောက်ဆုံးနေသူတွေနဲ့ ရုပ်အလောင်းတွေ ရှာဖွေဖော်ထုတ်ပေးဖို့၊ ထိခိုက်သူတွေကို ပြန်လည်ထူထောင်ပေးဖို့နဲ့ အလားတူ ကျူးလွန်မှုတွေ ထပ်မဖြစ်စေရေး ဥပဒေပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ပြီး စစ်တပ်အပေါ် အရပ်ဘက်ထိန်းချုပ်မှု ထားရှိဖို့ပါ ဆုံးဖြတ်ခဲ့ပါတယ်။
မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာ အရပ်သားတွေကို သတ်ဖြတ်ခဲ့တယ်လို့ တရားရုံးက တွေ့ရှိကြောင်း၊ ICJ က စစ်ဆေးကြည့်ရှုခဲ့ရတဲ့ သက်သေအထောက်အထားတွေအရ ၂၀၁၇ ခုနှစ် နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း ရိုဟင်ဂျာလူဦးရေရဲ့ ၁ ဒသမ ၂ ရာခိုင်နှုန်းဖြစ်တဲ့ ၁၀,၀၀၀ လောက် “ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရတယ်လို့ တရားရုံးက ဆုံးဖြတ်အတည်ပြုကြောင်း” တရားသူကြီးက ပြောကြားခဲ့ပါတယ်။











