ICJ တရားရုံး ဆုံးဖြတ်ချက်ကို လေးစားလိုက်နာရန် ဖိလစ်ပိုင် တိုက်တွန်း

ဂမ်ဘီယာနဲ့ မြန်မာအမှုအပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)က ချမှတ်လိုက်တဲ့ စီရင်ချက်ကို ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အသိအမှတ်ပြုထောက်ခံတဲ့အကြောင်းနဲ့ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာဖို့ အရေးကြီးကြောင်း ဖိလစ်ပိုင်နိုင်ငံက ကြေညာလိုက် ပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူ စာချုပ်ကို ချိုးဖောက်ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက် မှာ အပြီးသတ် ဆုံးဖြတ်ချက် အမိန့်ချခဲ့တဲ့အပေါ် ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက နိုဝင်ဘာ ၂၀ ရက်မှာ သဘောထား ထုတ်ပြန်လိုက်တာပါ။
ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက “တရားဥပဒေစိုးမိုးရေးအပေါ် ဖိလစ်ပိုင်နိုင်ငံရဲ့ ကာလရှည်ကြာ ထား ရှိခဲ့တဲ့ ကတိကဝတ်နဲ့အညီ အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးနဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကွန်ဗင်းရှင်းအောက်က နိုင်ငံတွေရဲ့ တာဝန်ဝတ္တရားတွေအပါအဝင် နိုင်ငံတကာ ဥပဒေကို အပြည့်အဝ လိုက်နာကျင့်သုံးရေးအပေါ် ထောက်ခံကြောင်း ထပ်လောင်းအတည်ပြုပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂရဲ့ အဓိက တရားစီရင်ရေး အဖွဲ့အစည်းဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားလိုက်နာဖို့ အရေးကြီးကြောင်းကိုလည်း ဖိလစ်ပိုင်နိုင်ငံက အလေးအနက် ဖော်ပြပါတယ်”လို့ ထုတ်ပြန်ပြောပါတယ်။
ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျိုးဆက်တွေ၊ အထူးသဖြင့် အရပ်သားပြည်သူတွေနဲ့ ထိခိုက်လွယ်တဲ့ လူအုပ်စုတွေအပေါ် သက်ရောက်မှုတွေ နဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံအနေနဲ့ အလွန်အမင်း စိုးရိမ်ပူပန်တယ်လို့ လည်းဆိုပါတယ်။
နိုင်ငံတကာ ဥပဒေနဲ့အညီ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးနဲ့ ကာကွယ်စောင့်ရှောက်မှုရရှိရေး၊ ဂုဏ်သိက္ခာကို ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ အကူအညီ လိုအပ်နေသူတွေဆီကို ဘေးကင်းလုံခြုံပြီး အဟန့်အတားမရှိ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးပို့နိုင်မဲ့ အခြေအနေတွေ ဖန်တီးပေးရေးဟာ မဖြစ်မနေ လိုအပ်ကြောင်းကိုလည်း အလေးထား ပြောကြားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ မူဝါဒတွေ၊ ရည်ရွယ်ချက်တွေနဲ့အညီ ပဋိပက္ခတွေကို ငြိမ်းချမ်းပြီး ရေရှည်တည်တံ့စွာ ဖြေရှင်းနိုင်ဖို့အတွက် သက်ဆိုင်သူအားလုံးပါဝင်ပြီး အပြု သဘောဆောင်တဲ့ ဆွေးနွေးပွဲတွေ ပြုလုပ်ရေး၊ အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရေး နဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာစေရေးတို့ကို ဖိလစ်ပိုင်နိုင်ငံအနေနဲ့ ခိုင်ခိုင်မာမာ ဆက်လက်ထောက်ခံသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။











