မြန်မာစစ်တပ် အကြမ်းဖက်မှု ဆက်တိုက်ကျူးလွန်နေဆဲဟု USCIRF ထုတ်ပြန်

ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို မြန်မာနိုင်ငံက ကျူးလွန်ခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က စီရင်ချက်ချခဲ့ပေမဲ့ မြန်မာစစ်အာဏာရှင်တပ်ဟာ အကြမ်းဖက်မှုတွေကို ဆက်လက်ကျူးလွန်နေတယ်လို့ အမေရိကန် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) က နိုဝင်ဘာ ၂၀ ရက် နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခဲ့တယ်လို့ ICJ က နိုဝင်ဘာ ၁၉ ရက်မှာ စီရင်ချက်ချခဲ့တာပါ။
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေသာမက ဗုဒ္ဓဘာသာဝင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေလည်း ဒုက္ခကြုံနေရပြီး စစ်ရှောင်စခန်းတွေ၊ စာသင်ကျောင်းတွေနဲ့ ဘာသာရေးအဆောက်အအုံတွေကို စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေဆဲလို့ USCIRF ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးပါတီ၊ လွှတ်တော်နဲ့ အစိုးရတို့အကြား ချိတ်ဆက်မှုပြုလုပ်ပြီး နိုင်ငံရဲ့ ရှေ့ဆက်မူဝါဒရေးရာလိုအပ်ချက်တွေကို အကြံပြုထိန်းညှိပေးနိုင်ဖို့ USCIRF နဲ့ အလားတူ လွတ်လပ်တဲ့ ဖက်ဒရယ်အဆင့်ကော်မရှင်တွေကို ဖွဲ့စည်းထားတာဖြစ်ပါတယ်။
ကော်မရှင်တွေမှာ ရီပတ်ဘလစ်ကန်နဲ့ ဒီမိုကရက် ၂ ပါတီစလုံးကကိုယ်စားလှယ်တွေ ပါဝင်ပြီး ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ပံ့ပိုးမှုနဲ့ အချက်အလက်ခိုင်မာအောင်စုဆောင်းပြီးမှ ရှေ့ဆက်သွားသင့်တဲ့ မူဝါဒဆိုင်ရာအကြံပြုချက်ကို ကော်မရှင်က အစိုးရကို တိုက်တွန်းတာ ဖြစ်ပါတယ်။
မြန်မာစစ်အာဏာရှင်အစုအဖွဲ့အပေါ် အမေရိကန်ရဲ့ သံတမန်ရေးရာချဉ်းကပ်မှုဟာ တခြားဦးစားပေးကိစ္စတွေနဲ့အတူ ရှုပ်ထွေးနေတာကြောင့် အမေရိကန် နိုင်ငံခြားရေးမူဝါဒဟာ တာဝန်ခံမှုရှိတဲ့ပုံစံပြန်ဖြစ်စေဖို့ ICJ ရဲ့စီရင်ချက်ကို ကိုးကားပြီး USCIRF က သတင်းထုတ်ပြန်တာ လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
အမေရိကန်ဖက်ဒရယ်အဆင့်အဖွဲ့အစည်းတွေရဲ့ ထောက်ခံအတည်ပြုမှုတွေဟာ ကုလသမဂ္ဂတရားရုံး ICJ စီရင်ချက်ရဲ့ အပြီးသတ်အတည်ဖြစ်မှုကို ပိုပြီးခိုင်မာစေတယ်လို့ ဆိုပါတယ်။
အဲ့ဒါအပြင် ICJ စီရင်ချက်အရ နိုင်ငံတကာသံတမန်ရေးဘောင် ကျဉ်းသွားတာကြောင့် နိုင်ငံတကာရဲ့ အသိအမှတ်ပြုတာရဖို့ သံတမန်ရေးနဲ့ ကုန်သွယ်စီးပွားဆက်ဆံရေးတွေ ပုံမှန်ပြန်ဖြစ်ဖို့ ကြိုးစားနေတဲ့ စစ်အာဏာရှင်ရဲ့ အားထုတ်မှုတွေဟာ ပိုပြီးခက်ခဲရှုပ်ထွေးသွားဖို့ရှိနေတာပါ။
မြန်မာ့ဒီမိုကရေစီအရေးမဟာမိတ်များအဖွဲ့မှ ဒေါ်ခင်သီရိနန္ဒာစိုးက “ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုအတွက် တာဝန်ရှိတဲ့စစ်တပ်က လက်ရှိ တနိုင်ငံလုံးအနှံ့ စစ်ဆင်နွှဲနေတဲ့ စစ်ကောင်စီပဲ ဖြစ်တယ်ဆိုတာကို USCIRF က အလေးပေးပြီးတော့ဖော်ပြထားတယ်။ ဒီအချက်က အင်မတန်မှ အရေးကြီးတယ်။ ဗုဒ္ဓဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေကိုလည်းပဲ ဗုံးကြဲပြီးတော့ တိုက်ခိုက်နေတယ်ဆိုတာ အတိအလင်း မီးမောင်းထိုးပြထားတာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို အတိတ်က ဖြစ်ရပ်တခုကနေပြီးတော့ စစ်ကောင်စီရဲ့ ဘာသာရေးနဲ့ တိုင်းရင်းသားလူမျိုးစုအားလုံးအပေါ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ သတ်ဖြတ်နေတယ် ဆိုတာမျိုးတွေအထိ သေချာပြောထားတာဖြစ်တယ်။ USCIRF သတင်းထုတ်ပြန်ချက်က မြန်မာနိုင်ငံအတွက် ဘာကြောင့်အရေးပါရသလဲဆိုတော့ သမိုင်းဝင် နိုင်ငံတကာတရားရေး စီရင်ချက်တခုကို အမေရိကန်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ မြန်မာနိုင်ငံအတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပေးထားတဲ့အတွက်ကြောင့် ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ICJ စီရင်ချက်ပါဖော်ပြချက်တွေအရ ၂၀၁၇ ရခိုင်ပြည်နယ်မြောက်ပိုင်း မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးမှာ ရွာပေါင်း ၃၉၀ ကျော်မီးလောင်ပျက်စီးခဲ့ပြီး ရိုဟင်ဂျာ ၁၀,၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ သိရသလို ထောင်နဲ့ချီတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေကိုလည်း လိင်ပိုင်းဆိုင်ရာ အနိုင်အထက်ပြုမှုတွေ မြန်မာစစ်တပ်က ကျူးလွန်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် ၁၉၄၈ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးသဘောတူစာချုပ်ပြဋ္ဌာန်း ချက်တွေနဲ့ ICJ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲခဲ့တာဖြစ်ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုမှာ ကျူးလွန်သူတွေကို ဥပဒေနဲ့အညီအရေးယူနိုင်ဖို့ တရားလို ဂမ်ဘီယာနိုင်ငံနဲ့ အတူ ၁၁ နိုင်ငံ စုဖွဲ့မှုရှိနေတာပါ။
အဲ့ဒီနိုင်ငံအားလုံးကို စည်းရုံးတာအပြင် စစ်အာဏာရှင်ကို အရေးယူနိုင်ရေးမှာ နောက်ထပ်နိုင်ငံတွေ ထပ်မံပူးပေါင်းပါဝင်လာအောင်ကြိုးစားနေတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ BROUK ဦးဆောင်သူ ဦးထွန်းခင်က ပြောပါတယ်။
“သမိုင်းဝင်ဆုံးဖြတ်ချက်ချပြီးတဲ့နောက်ပိုင်းမှာ တရားမျှတမှုတွေရဖို့အတွက် လမ်းကြောင်းက ပိုပွင့်သွားတာပေါ့။ အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့အမှုက ICC မှာလည်းရှိနေတယ်။ ဝရမ်းတော့မထုတ်သေးဘူး။ ICC ရှေ့နေချုပ်က တရားသူကြီးဆီကိုတင်ထားတာပေါ့နော်။ အခုဆိုရင် ၂ နှစ်နီးပါးရှိပြီ။ အခုဆိုရင် ICC မှာလည်း ဖိအားရှိလာမယ်။ တခြားနိုင်ငံတကာမှာ ရှိနေတဲ့ အမှုကိစ္စတွေမှာလည်း အရေးယူဖို့ ဖိအားပိုများလာမယ်။ အမိန့်ပေးစေခိုင်းသူ ဥပမာ အမှတ် ၇၇ တပ်မမှူးတို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ တဦးချင်းစီ လုပ်ဆောင်ခဲ့သူတွေရော အကုန်ပါလာမှာဗျ။ ဒီလူတွေကို သက်သက်စီတရားစီရင်ဖို့၊ သူတို့ကို အရေးယူဖမ်းဆီးဖို့ ကျနော်တို့ဆက်ပြီး လုပ်ဆောင်သွားပါမယ်ခင်ဗျ။ အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရိုဟင်ဂျာကို လူမျိုးတုန်းသတ်ဖြတ်မှုလုပ်ခဲ့တယ်။ လုပ်နေတယ်။ တဖက်မှာ တခြားလူနည်းစုတွေနဲ့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဒီနေ့ထက်ထိကျူးလွန်နေတယ်။ အရေးယူနိုင်တဲ့နိုင်ငံတွေမှာ တရားရုံးတွေမှာ ကျနော်တို့ဆက်ပြီးတော့ အမှုတွေလုပ်ဖို့ လိုအပ်ပါမယ်။ အဲ့ဒါတွေကို ကျနော်တို့ ဆက်လုပ်သွားပါမယ်ဗျ။”
မြန်မာစစ်တပ်ဟာ ဘာသာရေးလွတ်လပ်ခွင့်တွေ ပြင်းပြင်းထန်ထန်ကျူးလွန်နေတာကြောင့် အပြည်ပြည်ဆိုင်ရာဘာသာရေးလွတ်လပ်ခွင့်အက်ဥပဒေ (IRFA) အရ မြန်မာနိုင်ငံကို အထူးစိုးရိမ်ဖွယ်ရာနိုင်ငံ (CPC) အဖြစ် အမေရိကန်အစိုးရက ပြန်ပြီးသတ်မှတ်ဖို့ မတ် ၄ ရက် ထုတ်ပြန်တဲ့ USCIRF ရဲ့ ၂၀၂၆ အစီအရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။
USCIRF ရဲ့ ဘာသာရေးလွတ်လပ်ခွင့်ကို စနစ်တကျနဲ့ ဆိုးရွားစွာ ချိုးဖောက်နေတဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံစာရင်းမှာ မြန်မာနိုင်ငံပါဝင်နေတာဖြစ်ပြီး စစ်တပ်ခေါင်းဆောင်တွေနဲ့ ဆက်စပ်အဖွဲ့အစည်းတွေကို ဘဏ္ဏာရေးပိတ်ဆို့တာနဲ့ ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ဖို့၊ ICJ ၊ ICC နဲ့ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့်အမှုတွေအပါအဝင် နိုင်ငံတကာတာဝန်ယူမှု၊ တာဝန်ခံမှုဆိုင်ရာ ယန္တရားတွေကို ဆက်ပြီးပံ့ပိုးဖို့ အစိုးရကို တိုက်တွန်းခဲ့ပါတယ်။
ဒါအပြင် အမေရိကန်အစိုးရက မြန်မာနိုင်ငံက စစ်ဘေးသင့်ပြည်သူတွေကို လူသားစာနာရန်ပုံငွေတွေ ပြန်ပေးဖို့၊ ရိုဟင်ဂျာတွေလိုအပ်တဲ့ ကျန်းမာရေး၊ ပညာရေးဆိုင်ရာ ရန်ပုံငွေတွေ ထောက်ပံ့ဖို့ စတာတွေကိုလည်း USCIRF က အစိုးရကို တောင်းဆိုထားပါတယ်။











