မြန်မာစစ်တပ်ကိုအရေးယူရန် ICC ဖမ်းဝရမ်းနှင့် သီးခြားတရားစီရင်ရေးလုပ်ငန်းစဉ် ထပ်မံလိုအပ်

မြန်မာစစ်အာဏာရှင်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေကိုအရေးယူဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ဖမ်းဝရမ်းနဲ့ သီးခြားတရားစီရင်ရေးလုပ်ငန်းစဉ်တွေ ထပ်မံလိုအပ် နေတယ်လို့ နိုင်ငံတကာဥပဒေပညာရှင်တွေက မှတ်ချက်ပေးပါတယ်။
မြန်မာစစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုတွေကို အရေးယူဖို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်တခုတည်းနဲ့ မလုံလောက်ဘဲ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) ရဲ့ ဖမ်းဝရမ်းနဲ့ သီးခြားတရားစီရင်ရေးလုပ်ငန်းစဉ်တွေ ထပ်မံလိုအပ်နေတယ်လို့ နိုင်ငံတကာဥပဒေ ပညာရှင်တွေက မှတ်ချက်ပေးပါတယ်။
မြန်မာနိုင်ငံဟာ လူမျိုးတုန်းသတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိကျူးလွန်ခဲ့တာဖြစ်တယ်လို့ ICJ က နိုဝင်ဘာ ၁၉ ရက်မှာ စီရင်ချက်ချခဲ့တာပါ။
ဒီဆုံးဖြတ်ချက်ဟာ မြန်မာစစ်တပ်အပေါ်ဖိအားတွေသက်ရောက်ခဲ့တာမှန်ပေမဲ့ ကျူးလွန်ခဲ့သူ တဦးချင်း ရာဇဝတ်တာဝန်ခံမှုရှိစေရေးအတွက် ထိရောက်တဲ့သီးခြားတရားစီရင်ရေးလုပ်ငန်းစဉ်တွေ ဆက်လက်လိုအပ်နေတာ ဖြစ်ပါတယ်။
ICJ စီရင်ချက်မှာ ကျူးလွန်ခံရသူတွေအတွက် အားသာချက် အများအပြားပါဝင်ခဲ့ပေမဲ့ ကျူးလွန်သူ တွေကို ထိရောက်တဲ့အပြစ်ပေးအရေးယူမှု ပြုလုပ်တဲ့အပိုင်းမှာတော့ အကန့်အသတ်တွေ ရှိနေ ခဲ့တာပါ။
နစ်နာသူတွေရဲ့ဆုံးရှုံးမှုတွေနဲ့ တရားမျှတမှုအတွက်တောင်းဆိုချက်တွေကို တရားရုံးက ဥပဒေနဲ့အညီ အသိအမှတ်ပြုခဲ့တာ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို တားဆီးဖို့နဲ့ ကျူးလွန်သူတွေကို အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့ နိုင်ငံတွေရဲ့ တာဝန်ရှိမှုကို မီးမောင်းထိုးပြခဲ့တာ၊ မြန်မာနိုင်ငံမှာ စစ်အစိုးရ အဆက်ဆက်က ပြည်သူတွေကို ဥပဒေရေးရာလုံခြုံတဲ့အကာအကွယ်မပေးခဲ့ဘဲ ရာဇဝတ်မှုတွေကို အရေးဖို့ ပျက်ကွက်ခဲ့ကြောင်းဖော်ပြတာ၊ တရားရုံးဆုံးဖြတ်ချက်ဟာ အနာဂတ်မှာ လူမျိုးတုန်း သတ်ဖြတ်မှုကိုတားဆီးရေးနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတာတွေကို အဆုံးသတ်ဖို့ အတွက် အရေးကြီးတဲ့ ဥပဒေရေးရာ အခြေခံအချက်ဖြစ်လာတာ၊ နစ်နာသူတွေအတွက် ပြန်လည်ကုစားမှုနဲ့ လျော်ကြေးပေးဖို့တာဝန်တွေကို တရားရုံးက သတ်မှတ်ပေးခဲ့တာတွေက အားသာချက်တွေ ဖြစ်ခဲ့တယ်လို့ ဥပဒေပညာရှင်တွေက မှတ်ချက်ပေးပါတယ်။
ကျူးလွန်သူတွေကို အရေးယူတဲ့ တဖက်မှာတော့ တရားရုံးရဲ့အရေးယူပိုင်ခွင့်ဟာ အကန့်အသတ် တွေရှိနေခဲ့ပြီး ပြစ်မှုထပ်မကျူးလွန်အောင်တားဆီးတာ၊ ဒဏ်ငွေဆောင်ခိုင်းတာ၊ ကျူးလွန်ခံရသူတွေရဲ့ နစ်နာမှုတွေကို ပြန်လည်ကုစားပေးဖို့ ညွှန်ကြားချက်ထုတ်တာ စတဲ့ ပျော့ပြောင်းတဲ့ဥပဒေရေးရာ စီရင်ပိုင်ခွင့်သာ ICJ မှာရှိနေတာဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များကော်မရှင်မှ ဥပဒေအကြံပေး ဒေါ်ဇာလီအေးက “ICJ ဟာ နိုင်ငံတော်ရဲ့ တာဝန်ရှိမှုကိုဆုံးဖြတ်တဲ့ တရားရုံးသာလျှင်ဖြစ်တယ်။ ကျူးလွန်သူတဦးချင်းကို ထောင်ဒဏ်ချမှတ်နိုင်တဲ့ ရာဇဝတ်တရားရုံးမဟုတ်ဘူး။ ဒါကြောင့်မို့လို့ တဦးချင်း ရာဇဝတ် တာဝန်ခံမှုရှိစေရေးအတွက် သီးခြားတရားစီရင်ရေးလုပ်ငန်းစဉ်တွေ ဆက်လက် လိုအပ်နေတာ ဖြစ်ပါတယ်။ ဆိုလိုတာက ICC ရဲ့ တရားစီရင်ရေးလုပ်ငန်းတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိနေမှုကို အဆုံးသတ်ဖို့ လွတ်လပ်တဲ့ တရားစီရင်ရေး စနစ်ကိုတည်ဆောက်ဖို့နဲ့ လူမျိုးစုအားလုံးရဲ့အခွင့်အရေးတွေကို အာမခံနိုင်ဖို့ရန်အတွက် ဒီစီရင်ချက် ကနေပြီးတော့မှ သင်ခန်းစာယူပြီးတော့ လက်တွေ့ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်ဖို့လိုတာကို ကျမတို့မြင်တွေ့ရတာဖြစ်ပါတယ်။ အရေးအကြီးဆုံးက တရားမျှတမှုဆိုတာ စီရင်ချက်တခုတည်းနဲ့ ပြီးပြည့်စုံတာမျိုးမဟုတ်ဘဲနဲ့ နစ်နာသူတွေရဲ့အခွင့်အရေးတွေကို ပြန်လည်ရရှိစေပြီးတော့မှ နောက်ထပ်အလားတူရာဇဝတ်မှုတွေ မဖြစ်ပွားအောင် ကာကွယ်နိုင်မှသာလျှင် အဓိပ္ပါယ်ပြည့်ဝတဲ့ တရားမျှတမှု ရရှိလာမှာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကတော့ မြန်မာနိုင်ငံတနိုင်ငံတည်းတင်သာမက နိုင်ငံတကာအသိုင်းအဝိုင်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကလည်း အင်မတန်မှ အရေးကြီးတာ ဖြစ်ပါတယ်”လို့ DVB ကို ပြောပါတယ်။
နိုင်ငံတကာဥပဒေတွေအရ ပြစ်မှုကျူးလွန်ကြောင်း ဆုံးဖြတ်ခံရတဲ့နိုင်ငံတွေဟာ တရားရုံး အမိန့်ကို နာခံရမဲ့ တာဝန်ဝတ္တရားရှိပြီး အစိုးရတွေအပြောင်းအလဲဖြစ်ခဲ့ရင်တောင် နိုင်ငံတော်ရဲ့ ဥပဒေရေးရာ တာဝန်တွေကို အစိုးရအဆက်ဆက်က ဆက်လက်တာဝန်ခံရမှာဖြစ်ပါတယ်။
ICJ ရဲ့ဆုံးဖြတ်ချက်ကြောင့် ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာနဲ့ ဒေသတွင်းအာဆီယံနိုင်ငံတွေရဲ့ မြန်မာနိုင်ငံအပေါ် သံတမန်ရေးရာတုံ့ပြန်မှုတွေ၊ တာဝန်ခံမှုဆိုင်ရာ ဆောင်ရွက်ချက် အပြောင်းအလဲ တွေ ပိုဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။
ICJ ရဲ့ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံတွင်းလူမျိုးစုအားလုံးရဲ့တန်းတူညီမျှမှု၊ နိုင်ငံသားအခွင့်အရေး၊ လွတ်လပ်တဲ့တရားစီရင်ရေး၊ အကူးအပြောင်းကာလတရားမျှတမှုတွေမှာ အာမခံချက်ရှိဖို့ အရေးကြီးတဲ့ အခြေခံအုတ်မြစ်ဖြစ်လာနိုင်တာပါ။
ICJ တရားရုံးက ကိုင်တွယ်တဲ့အမှုတွေက နိုင်ငံတွေအပေါ်စွဲဆိုတဲ့အမှုတွေဖြစ်ပြီး ICC တရားရုံးက ကိုင်တွယ်တဲ့အမှုတွေကတော့ လူပုဂ္ဂိုလ်တဦးချင်းစီရဲ့ ကြီးလေးတဲ့ရာဇဝတ်မှုတွေကို တရားစွဲဆို အပြစ်ပေးတဲ့ အမှုတွေဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်စုအပေါ်ရာဇဝတ်မှုတွေကျူးလွန်ကြောင်း တရားရုံး ၂ ခုစလုံးက ဆုံးဖြတ်ချက်ချမှ လက်ရှိမြန်မာနိုင်ငံကြုံတွေ့နေရတဲ့ အကျပ်အတည်းကနေ လွတ်မြောက်နိုင်မယ်လို့ နိုင်ငံရေးလေ့လာသူတယောက်က မှတ်ချက်ပေးပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှ ဦးထွန်းကြည်က “ပြည်သူတွေအားလုံးရဲ့ဆန္ဒကတော့ တော်တော်ပြင်းပြတာ ICC ကနေပြီး ဖမ်းဝရမ်းထုတ်ဖို့ပေါ့ဗျာ။ မင်းအောင်လှိုင်လိုလူစားမျိုးကို ICC က ဖမ်းဝရမ်းထုတ်မဲ့ ကိစ္စနဲ့ပတ်သက်ပြီးလို့ ယူအက်စ်ကနေပြီးတော့ အရေးယူပိတ်ဆို့မှုတွေ ဖြစ်လာမှာကို ICC က စဉ်းစားနေသလာပေါ့နော်။ ကျနော်တို့တိုင်းပြည် ဒီမိုကရေစီလမ်းကြောင်း ပေါ်ကို အမြန်ရောက်ရှိရေးအတွက်က နိုင်ငံတကာရဲ့ဖိအားတွေက အလွန်တရာမှ အရေးကြီးတယ်ဗျ။ မင်းအောင်လှိုင်ကို အမြန်ဆုံးဖမ်းဝရမ်းထုတ်ဖို့ နှောင့်နှေး ကြန့်ကြာသွားမှာကိုတော့ အလွန်တရာမှ စိုးရိမ်ပူပန်မိတယ်ဗျ။ အဲ့ဒါဆိုရင် သူ့ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက ပိုသထက်ပို တိုးလာနိုင်တယ်။ အခုလိုမျိုး သမိုင်းဝင် အခွင့်အလမ်းတွေရနေတဲ့အပေါ်မှာ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုန်းသတ်ဖြတ်မှုတွေကို ကျူးလွန်နေတဲ့သူတွေကို အမြန်ဆုံး နိုင်ငံတကာ တရားစီရင်ရေးရှေ့မှာ တာဝန်ခံစေရမယ်။ တာဝန်ယူရမဲ့ ပုံစံမျိုးတွေတော့ ကျနော်တို့ အားလုံး ညီညီညွတ်ညွတ်နဲ့ ဝိုင်းတွန်းဖို့တော့ လိုတယ်ဆိုတဲ့သတင်းစကားလေးတော့ ပါးချင်ပါတယ်”လို့ ပြောပါတယ်။
မြန်မာစစ်တပ်ရဲ့ သတ်ဖြတ်မှုတွေ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ၊ ကလေးသူငယ်တွေ အပေါ်ကျူးလွန်ခဲ့တာတွေ၊ ရိုဟင်ဂျာတွေကို စနစ်တကျပစ်မှတ်ထားတဲ့ အခြေအနေတွေနဲ့ သက်သေအထောက်အထားတွေကို စုပေါင်းသုံးသပ်ပြီးမှ လူမျိုးတုံးသတ်ဖြတ်ဖို့ သီးခြားရည်ရွယ်ချက် ရှိခဲ့တယ်လို့ ICJ တရားရုံးက ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာလူမျိုးစုတွေအပေါ် ရည်ရွယ်ချက်နဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာတရားစီရင်ရေးအညွှန်းကိန်းကို ICJ တရားရုံးအမိန့်ပါ စီရင်ချက် တွေက သက်သေပြခဲ့တာလည်းဖြစ်ပါတယ်။
သတ်ဖြတ်မှုတွေကို တားဆီးတာနဲ့ ကျူးလွန်သူတွေကို အရေးယူတဲ့နေရာမှာ မြန်မာအစိုးရက လိုအပ်တဲ့ ဥပဒေတွေကို ပြဋ္ဌာန်းဖို့ပျက်ကွက်ခဲ့ပြီး သက်သေအထောက်အထားတွေကို ထိန်းသိမ်းရမဲ့ တာဝန်ဝတ္တရားတွေကိုလည်း ချိုးဖောက်ခဲ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေလည်း တရားရုံးဆုံးဖြတ်မိန့်မှာ ပါဝင်ခဲ့ပါတယ်။
အဲ့ဒီအချက်တွေအတွက်လည်း မြန်မာနိုင်ငံက တာဝန်ခံရမှာဖြစ်ပြီး မြန်မာစစ်တပ်ရဲ့ နိုင်ငံတော်လုံခြုံရေး၊ အကြမ်းဖက်မှုနှိမ်နင်းရေးအကြောင်းပြချက်တွေဟာ လူမျိုးတုံး သတ်ဖြတ်မှု ကနေ ရှောင်လွှဲနိုင်တဲ့ ဥပဒေရေးရာလျှောက်လဲကာကွယ်ချက်မဖြစ်ခဲ့တာ တွေ့ရတယ်လို့ ဥပဒေ ပညာရှင်တွေက မှတ်ချက်ပေးထားပါတယ်။
သုတချမ်းသာ











