DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး ICC တရားရုံးသို့ လွှဲပြောင်းရန် မြန်မာသံအမတ်ကြီး ကုလသမဂ္ဂတွင် တောင်းဆို 
DVB
·
November 6, 2026
Photo: Permanent Mission of Myanmar to UN
Photo: Permanent Mission of Myanmar to UN
Donate to DVB

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာနိုင်ငံကို တရားစွဲထားတဲ့အမှုကိစ္စဟာ တရားစီရင်ချက် တခုတည်းနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်နိုင်မှာမဟုတ်ဘဲ အဆိုပါစီရင်ချက်ကို အကောင်အထည် ဖော်ဆောင်ရွက်ဖို့ နိုင်ငံတကာအသိုက်အဝန်းက လုပ်ဆောင်လိုတဲ့ သန္နိဋ္ဌာန် လိုအပ်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့လည်း မြန်မာ့အရေးတစုံလုံးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) သို့ လွှဲပြောင်းတင်သွင်းပေးဖို့ အထူးအလေးထား တောင်းဆိုကြောင်း လည်း  ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောလိုက်ပါတယ်။၊

နိုဝင်ဘာ ၅ ရက်က နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့  (၃၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမျက်နှာစုံညီအစည်းအဝေးအတွင်း အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ အစီရင်ခံစာအပေါ်  အထွေထွေဆွေးနွေးကြရာမှာ သံအမတ်ကြီးက ပြောလိုက်တာပါ။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ တရားရုံးမှာ လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေး ကွန်ဗင်းရှင်းဖောက်ဖျက်မှုနဲ့ တရားစွဲဆိုထားတဲ့အမှု နိုဝင်ဘာ ၁၉ ရက်မှာ အမိန့် စီရင်ချက်ချဖို့ ရှိနေတာလည်းဖြစ်ပါတယ်။ 

အခုလို  စီရင်ချက် ချမှတ်ဖို့ လျာထားတဲ့ အပေါ်   စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြောင်း၊ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ စစ်အုပ်စုရဲ့ အပြည်ပြည်ဆိုင်ရာဥပဒေ‌တွေ ပေါ်ပေါ်ထင်ထင် ချိုးဖောက်စော်ကားမှုကို  လျှော့မတွက်သင့်ကြောင်း၊ စစ်အုပ်စုရဲ့ အကျင့်ပျက်ချစားမှုတွေကြောင့် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းတွေ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့  လုံခြုံရေးကို ခြိမ်းခြောက် နေကြောင်းနဲ့ မြန်မာနိုင်ငံဟာ အဆိုပါရာဇဝတ်ကွန်ရက်တွေရဲ့ ဗဟိုချက်ဖြစ်နေကြောင်း သံအမတ်ကြီးက ပြောပါတယ်။

ဒီလိုဖြစ်ပျက်နေရတာဟာ စစ်အုပ်စုရဲ့ တရားမဝင် စစ်အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုမြောက်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ဖြစ်တယ်၊ ပြစ်ဒဏ်ကင်းလွတ်ခွင့်သံသရာ အပြီးတိုင် ချုပ်ငြိမ်းဖို့ လိုအပ်ပြီး  တရားမျှတမှုနဲ့ တာဝန်ခံမှုတို့ မဖြစ်မနေ ထွန်းကားရမှာ ဖြစ်တယ်လို့ ပြောပါတယ်။

ICJ စီရင်ချက်ကို တိကျစွာအကောင်အထည်ဖော်တာဟာ ထိခိုက်နစ်နာသူအားလုံးအတွက် တရားမျှတမှု ဖော်ဆောင်ပေးရာရောက်သလို နိုင်ငံတကာရာဇဝတ်မှုတွေ နောက်ထပ် ထပ်မံ မဖြစ်ပွားစေဖို့  တားဆီးရာမှာ အဓိကသော့ချက်ဖြစ်မယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

နိုဝင်ဘာလ ၄ ရက်နေ့  ကုလသမဂ္ဂလူမှုရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ယဉ်ကျေးမှုရေးရာကော်မတီမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးနဲ့ အပြန်အလှန်ဆွေးနွေးတဲ့ အစီအစဉ် မှာတော့ လတ်တလော စစ်တပ်ရဲ့ မဆင်မခြင်လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကရင်နီ ပြည်နယ်ရှိ စစ်ဘေးရှောင်ကလေးတွေ သေဆုံးခဲ့ရတာနဲ့ ရခိုင်ပြည်နယ်တွင်လည်း ယာယီ သားဖွားမီးယပ်ဆေးရုံတို့လည်း ပျက်စီးခဲ့ရပြီး အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးခဲ့ရတာကို အလေးထားပြောကြားခဲ့ပါတယ်။

တခြားတဖက်မှာလည်း ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ တိုက်လေယာဉ်ဆီ၊ အရပ်ဘက်၊ စစ်ဘက် ၂ မျိုးသုံးပစ္စည်းတွေနဲ့ ငွေကြေးထောက်ပံ့မှုတို့အား ချက်ချင်းရပ်တန့်ဖို့ သံအမတ်ကြီးက တိုက်တွန်းလိုက်ပါတယ်။

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013