DVB Logo
Home
မြန်မာသတင်း
မင်းလက်ပံ တိုက်ပွဲပြင်းထန်၊ ထိုင်းဘက်ကို လက်နက်ကြီးကျည်ကျပြီး ထိုင်းအမျိုးသမီး ၁ ဦး ဒဏ်ရာရ
ဖိုးစီ
·
October 29, 2026
Photo: CJ 
Photo: CJ 
Donate to DVB

မြန်မာနိုင်ငံဘက်မှာ အောက်တိုဘာ ၂၉ ရက် ဒီကနေ့မနက်က တိုက်ပွဲပြင်းထန်ပြီး ထိုင်းဘက်ကို လက်နက်ကြီးကျည်တွေ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ထိုင်းအမျိုးသမီးတယောက် ကျည်စထိမှန် ဒဏ်ရာရသွားတယ်လို့ နယ်စပ် သတင်းရင်းမြစ်က ပြောပါတယ်။ 

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်က မင်းလက်ပံရွာထိပ်မှာ ဒီမနက် ၅ နာရီလောက်က စစ်အာဏာရှင်တပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်လာလို့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့  တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲ ပြင်းထန်နေတုန်း စစ်အာဏာရှင်တပ်ကဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ထိုင်းနိုင်ငံဘက်ခြမ်းကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ထိုင်းရွာသူ အမျိုးသမီးတယောက် ကျည်စမှန်ပြီး ဒဏ်ရာရသွားလို့ မဲဆောက်ဆေးရုံကြီးကိုပို့ပေးထားရာက ဆေးကုသမှု ခံယူနေရပါတယ်။

မြဝတီမြို့ တောင်ဘက်က တိုက်ပွဲမှာတော့ နှစ်ဖက်စလုံး ထိခိုက်သေဆုံးမှုတွေ ရှိနေသလို လက်နက်ကြီး၊ လက်နက်ငယ်တွေ၊ ကာမီကာဇေဒရုန်းတွေအပြင် စစ်တပ်ဘက်က တိုက်လေယာဉ်တွေသုံးပြီး ဗုံးကြဲတိုက်ခိုက်တာတွေပါ ရှိနေပါတယ်။ 

စစ်အာဏာရှင်တပ်ဟာ မြန်မာ-ထိုင်းနယ်စပ်မှာ လက်လွှတ်လိုက်ရတဲ့ အထိုင်စခန်းတွေကို ပြန်ရဖို့ ထိုးစစ်ဆင်နေတာဖြစ်ပြီး KNLA ပူးပေါင်းတပ်တွေဘက်ကလည်း နယ်မြေမဆုံးရှုံးရအောင် ပြန်လည်ခုခံ ပိတ်ဆို့တိုက်ခိုက်နေတာပါ။

မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ ရှေ့တန်းရဲဘော်တယောက်က  ပြောပါတယ်။

ဒါ့ပြင် စစ်အာဏာရှင်တပ်က ထိုးစစ်တွေမှာ အဓမ္မပေါ်တာဆွဲထားတဲ့ တပ်သားသစ်တွေကို အသုံးပြုပြီး ရှေ့တန်းကိုပို့ဆောင် သေတွင်းထဲ ပို့နေသလို နောက်ကွယ်မှာလည်း ငြိမ်းချမ်းရေးအကြောင်း နည်းလမ်းမျိုးစုံနဲ့ ပြောလာနေတယ်လို့ ဆိုပါတယ်။ 

စစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးခဲ့ဖူးတဲ့အဖွဲ့တခုရဲ့ တာဝန်ရှိသူတယောက်က “ကရင်ပြည်နယ် အပါအဝင် တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က ပြည်သူ့နေအိမ်တွေ၊ ဆေးခန်း၊ စာသင်ကျောင်းနဲ့ ဘုရားကျောင်းတွေကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲနေတာဖြစ်လို့ စစ်အာဏာရှင်ပြောတဲ့ ငြိမ်းချမ်းရေးဟာ အတုအယောင်ပဲ ဖြစ်နိုင်တယ်။ ငြိမ်းချမ်းရေးလို့ ပြောမဲ့အစား ပြည်သူသတ်ပွဲ စစ်ရေးလို့ ပြောရင် ပိုမှန်လိမ့်မယ်” လို့  ပြောပါတယ်။

အောက်တိုဘာ ၂၅ ရက် မနက် ၁ နာရီလောက်ကလည်း ထိုင်းဘက်ခြမ်း မယ်ဟောင်ဆောင်ခရိုင် မဲ့စရီးယန်းမြို့နယ်နဲ့ မျက်နှာချင်းဆိုင် ကရင်ပြည်နယ် သံလွင်မြစ်ကမ်းပါးက မယ့်နူထ ကျေးရွာဘက်မှာ မြန်မာစစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်လို့ အဲဒီရွာက ကရင် သားအဖနှစ်ယောက် လက်နက်ကြီးကျည်သင့်ပြီး ဒဏ်ရာရခဲ့ကာ  ထိုင်းဘက်ကို ဆေးကုသဖို့ ပို့စဉ် လမ်းခုလတ်မှာပဲ ကလေးငယ် သေဆုံးသွားပါတယ်။

၂၀၂၆ ဧပြီလမှ အောက်တိုဘာလထိ ကာလတွေအတွင်း မြန်မာဘက်က လက်နက်ကျည်ကြောင့် ထိုင်းဘက်ခြမ်းက နေအိမ် ၉ လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ထိခိုက်ဒဏ်ရာရသူ ၅ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။ 

မြန်မာဘက်ခြမ်း တိုက်ပွဲက လက်နက်ကျည်တွေ ထိုင်းဘက်ကို ကျရောက်တာနဲ့ ပတ်သက်လို့  ထိုင်းဒေသခံတွေကလည်း အောက်တိုဘာ ၂၇ ရက်မှာ ဆန္ဒပြတာတွေ ရှိခဲ့ပါတယ်။ 

မြန်မာဘက်က လက်နက်ကျည်တွေ ထိုင်းဘက်ကို ကျလာရင် ပြန်လည်တုံ့ပြန်ပစ်ခတ်မယ်လို့  ထိုင်းစစ်တပ်က သတိပေးထုတ်ပြန်ထားပါတယ်။ 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013