
မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက စွဲဆိုထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့နဲ့ ပြစ်ဒဏ်ပေးဖို့ဆိုင်ရာ ကွန်ဗင်းရှင်း သဘောတူညီချက်ကို ကျူးလွန်ဖောက်ဖျက်မှုနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က အပြီးသတ် စီရင်ချက် မချခင် တရားရေးရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က နိုဝင်ဘာ ၁၇ ရက်က ရှင်းလင်းတင်ပြခဲ့ပါတယ်။
HRW ရဲ့ ရှင်းလင်းတင်ပြချက်တွေအရ ICJ ရဲ့ အပြီးသတ်စီရင်ချက်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ကြောင်း အပြစ်ရှိသည်၊ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့ ပျက်ကွက်မှုဖြင့် အပြစ်ရှိသည်၊ သို့မဟုတ် အပြစ်မရှိ ဆိုတဲ့ ရလဒ် ၃ မျိုးထဲက တခု ထွက်ပေါ်လာနိုင်တယ်လို့ သိရပါတယ်။
ဒါပေမဲ့ လူမျိုးတုံးသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်ကို သက်သေပြရာမှာ ကျူးလွန်သူတွေဟာ နောင်မျိုးဆက်သစ်တွေ မွေးဖွားပေးနိုင်မဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ခိုင်လုံစွာပြသနိုင်ဖို့ လိုအပ်တဲ့အတွက် ဥပဒေကြောင်းအရ သက်သေပြဖို့ ခက်ခဲရှုပ်ထွေးနိုင်တာကိုလည်း HRW က ထောက်ပြခဲ့ပါတယ်။
တကယ်လို့ တရားရုံးက လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အပြစ်မရှိလို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်လည်း ဒါဟာ လုံးဝအပြစ်ကင်းစင်တယ်လို့ အတည်ပြုလိုက်တာမျိုး မဟုတ်ဘဲ သက်သေအထောက်အထား လုံလောက်မှု မရှိသေးတာဖြစ်သလို မြန်မာစစ်တပ်အနေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဒါမှမဟုတ် စစ်ရာဇဝတ်မှုတွေနဲ့ ဆက်လက် အပြစ်ရှိနေနိုင်သေးတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ICJ က ဘယ်လိုပဲ ဆုံးဖြတ်ပါစေ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုတရားရုံး (ICC) က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အမှုဖွင့်တိုင်ကြားမှု၊ ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို အခြေခံပြီး အာဂျင်တီးနားဖက်ဒရယ်တရားရုံး၊ တီမောတရားရေး စတာတွေမှာ အမှုဖွင့်တိုင်ကြားမှု စတဲ့ အမှုတွေကို ICJ ရဲ့ ဆုံးဖြတ်ချက်ကို ဥပဒေအရ မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ တာဝန်မရှိပေမဲ့ အကိုးအကားအဖြစ် ကြည့်ရှုနိုင်တယ်လို့လည်း ဆိုပါတယ်။
နောက်ပြီး ICJ ရဲ့ စီရင်ချက်ဟာ နိုင်ငံအချင်းချင်း တရားစွဲဆိုမှုဖြစ်ပြီး နိုင်ငံတော်အဆင့် တာဝန်ယူမှုအပေါ် အခြေခံတဲ့အတွက် လက်ရှိ ရခိုင်ပြည်နယ် ဒေသအများစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) အနေနဲ့ ဒီစီရင်ချက် ဆုံးဖြတ်ချက်အပေါ် ဥပဒေအရ လိုက်နာဖို့ တာဝန်မရှိဘူးလို့လည်း ပြောပါတယ်။
ဒါပေမဲ့ ICJ ရဲ့ စီရင်ချက်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မလေးရှားလိုမျိုး ဒေသတွင်းနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာလည်း များစွာ မူတည်နေတယ်လို့လည်း HRW က သုံးသပ်တင်ပြခဲ့ပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ်စီရင်ချက်ချဖို့ ရှိနေပြီး အပြီးသတ်စီရင်ချက်ကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ တရားရုံးမှာ နိုဝင်ဘာ ၁၉ ရက် မနက် ၁၀ နာရီ အများပြည်သူရှေ့မှောက် ကြားနာဖတ်ကြားသွားမှာ ဖြစ်ပါတယ်။











