
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက်မှာ အပြီးသတ်စီရင်ချက်ချဖို့ ရှိနေတဲ့အတွက် နိုင်ငံတကာရဲ့ စိတ်ဝင်စားမှု မြင့်တက်နေသလို လူ့အခွင့်အရေးအဖွဲ့တွေကလည်း အဲဒီစီရင်ချက်အပေါ် အနီးကပ်စောင့်ကြည့်နေကြပါတယ်။
ICJ ရဲ့ စီရင်ချက်ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တာဝန်ရှိမှုကို နိုင်ငံတကာတရားရေးစနစ်အတွင်း ဖော်ထုတ်နိုင်မဲ့ အရေးကြီးတဲ့ အဆင့်တခုဖြစ်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့ တာဝန်ခံမှုတောင်းဆိုမှုတွေကိုလည်း ပိုမိုအားကောင်းလာစေနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့ တွေက သုံးသပ်ပါတယ်။
စစ်အုပ်စုက မြန်မာပြည်သူတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေအတွက် ပြည်တွင်းမှာ အရေးယူ အပြစ်ပေးနိုင်တဲ့ အခြေအနေ မရှိတာကြောင့် လက်နက်ကိုင်တော်လှန်ရေးအပြင် နိုင်ငံတကာ တရားစီရင်ရေး လမ်းကြောင်းကိုလည်း ပိုမိုအားဖြည့်ဆောင်ရွက်နိုင်မဲ့ မျှော်လင့်ချက်ရှိလာတယ်လို့ Fortify Rights ရဲ့ လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေး အထူးတာဝန်ခံ ကိုလင်းထက်က ပြောပါတယ်။
“မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာက အမြဲစောင့်ကြည့်ပါတယ်။ အရင်ကရော လက်ရှိရော။ တကယ် ပျောက်နေခဲ့တာက အခုလို နိုင်ငံတကာ ခုံရုံးတခုခုမှာ ကြားနာပြီး ဖော်ထုတ်တဲ့အပိုင်းပဲ ရှိမနေခဲ့တာ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို သတ်ဖြတ်မှုအပြီး စစ်တပ်က ၂၀၂၁ နောက်ပိုင်း တခြား မြန်မာပြည်သူပြည်သားများကိုလည်း ဆက်လက် သတ်ဖြတ်လာတာပါ။ ဒါပေမဲ့ အဲဒီလိုကြီးလေးတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အပြစ်ပေးခံရခြင်းက ကင်းလွတ်နေခဲ့တယ်။ ဆိုတော့ ဒီတခါ ICJ ကသာ မြန်မာအစိုးရအနေနဲ့ လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ကြောင်း၊ တာဝန်ရှိကြောင်း၊ သို့မဟုတ် တားဆီးရန်ပျက်ကွက်ခဲ့ကြောင်း အမိန့်ချရင် နောက်ထပ် ရာဇဝတ်ခုံရုံး ICC မှာ ရှိနေတဲ့အမှုအပေါ် သက်ရောက်မှုကြီးမှာပါ။ ဒါက မင်းအောင်လှိုင်နဲ့ သူ့အပေါင်းအပါတွေအတွက် ကြီးကြီးမားမား ရိုတ်ခတ်မှုတွေ ရှိလာနိုင်ပြီး၊ ဘေးကျပ်နံကျပ် ဖြစ်စေနိုင်ပြီး၊ နိုင်ငံတကာ ဆက်ဆံရေး ခက်ခဲသွားပြီး၊ ဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း ပိုမြင်လာရမယ်လို့ ထင်ပါတယ်။”
မြန်မာအရေးလှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ တရားမျှတမှုနဲ့ တာဝန်ခံမှုရရှိရေးအတွက် နိုင်ငံတကာ အစိုးရတွေနဲ့ စည်းရုံးလှုံ့ဆော်ရေးလုပ်ငန်းတွေကို ပိုမိုအားစိုက်လုပ်ဆောင်ဖို့နဲ့ စစ်အုပ်စုကို စစ်ရာဇဝတ်မှုတွေအတွက် အရေးယူနိုင်ရေး ICC လမ်းကြောင်းမှာလည်း နောက်ထပ်ခြေလှမ်းတွေ လှမ်းနိုင်ဖို့ မျှော်လင့်ကြောင်း သူက ဆက်ပြောပါတယ်။
Progressive Voice ရဲ့ ဒါရိုက်တာ ဒေါ်ခင်ဥမ္မာကတော့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှု ရရှိရေးဟာ ရိုဟင်ဂျာအသိုက်အဝန်းတခုတည်းအတွက်သာမက မြန်မာပြည်သူအားလုံးအတွက်ပါ အရေးကြီးတဲ့ ကိစ္စဖြစ်လို့ စောင့်ကြည့်ဖို့နဲ့ ဝန်းရံအားပေးကြဖို့ကို ပြောပါတယ်။
“ဒီစီရင်ချက်က ရိုဟင်ဂျာတွေအတွက်လို့ ဒါဖြစ်တယ်။ သို့သော် ကျမတို့ မြန်မာပြည်ရဲ့ ပြည်သူ ပြည်သားတွေ အားလုံး နားလည်နေရမှာ ဘာလဲဆိုတော့ ရိုဟင်ဂျာတွေအတွက် တရားမျှတမှုဟာ ကျမတို့ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေ တတိုင်းပြည်လုံး အားလုံးအတွက် တရားမျှတမှု ဖြစ်တယ်ဆိုတာကို ကျမတို့ နားလည်နေဖို့ လိုတယ်။ ဘာလို့လဲလို့ ကျမ ရှင်းရှင်းလေး ပြောရမယ်ဆိုလို့ရှိရင် ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်တဲ့သူတွေသည် ကျမတို့ မြန်မာနိုင်ငံ ပြည်သူပြည်သားတွေ အားလုံးအပေါ်မှာ ကျူးလွန်နေတဲ့သူတွေ အတူတူပဲ ဖြစ်တယ်။ ဒီစစ်တပ်ပဲ ဖြစ်တယ်။ ဒီစစ်အုပ်စုပဲ ဖြစ်တယ်။ မင်းအောင်လှိုင်နဲ့ သူ့ အပေါင်းအပါတစုပဲဖြစ်တယ်။ ရိုဟင်ဂျာတွေ တရားမျှတမှုရတာကို ကျမတို့ ပြည်သူပြည်သားတွေ မြန်မာနိုင်ငံက အင်အားစုတွေ အားလုံးက ဝမ်းပန်းတသာနဲ့ ကျမတို့ လှိုက်လှဲစွာ ကြိုဆိုပြီးတော့မှ ရိုဟင်ဂျာညီအစ်ကို မောင်နှမတွေနဲ့ အတူတူ သွေးစည်းညီညွတ်မှုကို တကယ်ကို အင်နဲ့အားနဲ့ ပြဖို့လိုတယ်။ တရားမျှတမှုဟာ အားလုံး အပေါ်မှာ တသားတည်းကျတယ်။ တရားဥပဒေစိုးမိုးမှုဆိုတာ အားလုံးအပေါ်မှာ တသားတည်း ကျနိုင်ရမယ်။”
လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံက ချိုးဖောက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၁၁ ရက်မှာ စတင်တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး ICJ တရားရုံးရဲ့ အပြီးသတ်စီရင်ချက်ကို နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ တရားရုံးမှာ နိုဝင်ဘာ ၁၉ ရက် မနက် ၁၀ နာရီ အများပြည်သူရှေ့မှောက် ကြားနာဖတ်ကြားသွားမှာ ဖြစ်ပါတယ်။











