DVB Logo
Home
Lead Story
မြန်မာရင်ဆိုင်နေရသည့် ဂျီနိုဆိုက်အမှု ICJ တရားရုံးစီရင်ချက် အမေးအဖြေ
DVB
·
November 13, 2026
Photo: ICJ
Photo: ICJ
Donate to DVB

၂၀၂၆ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်မှာ နယ်သာလန်နိုင်ငံ၊ သဟိတ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ဟာ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုထားတဲ့ သမိုင်းဝင်အမှုအတွက် စီရင်ချက်ချမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဂျီနိုဆိုက်တားဆီးရေးနဲ့ ပြစ်ဒဏ်ပေးရေး သဘောတူစာချုပ်ကို ချိုးဖောက်တယ်လို့ စွပ်စွဲခံထားရတာပါ။ ဒီစီရင်ချက်ဟာ အပြီးသတ်ဖြစ်ပြီး ထပ်မံအယူခံဝင်ခွင့် မရှိပါဘူး။ တရားရုံးရှေ့မှောက်မှာ ကြားနာနေတဲ့ ဒီအမှုကို အဆုံးသတ်ပေးမှာလည်း ဖြစ်ပါတယ်။

အောက်ဖော်ပြပါ အမေးအဖြေတွေကတော့ ဒီအမှုနဲ့ မကြာခင် ထွက်ပေါ်လာမဲ့ စီရင်ချက်အကြောင်း သိသင့်တဲ့ အဓိကအချက်တွေကို ရှင်းပြပေးထားပါတယ်။

၁။ ဒီအမှုက ဘာအကြောင်းလဲ၊ ဘာကြောင့် အရေးကြီးတာလဲ။

၂၀၁၇ ခုနှစ် ဩဂုတ်လမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာနဲ့ မီးရှို့တာတွေကို အကြီးအကျယ် ကျူးလွန်ခဲ့ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် လူပေါင်း ၇ သိန်းကျော်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပါတယ်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလမှာတော့ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ ထောက်ခံမှုနဲ့အတူ ဂမ်ဘီယာနိုင်ငံက ICJ မှာ အမှုဖွင့်ခဲ့ပါတယ်။ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်မှုတွေဟာ ဂျီနိုဆိုက်မြောက်ပြီး ဂျီနိုဆိုက်ဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်တယ်လို့ စွပ်စွဲခဲ့တာပါ။ ဒါဟာ လူပုဂ္ဂိုလ် တဦးချင်းစီကို ရာဇဝတ်မှုနဲ့ တရားစွဲတာ မဟုတ်ပါဘူး။ ဂျီနိုဆိုက်အတွက် နိုင်ငံတော်အဆင့် တာဝန်ရှိမှုကို ဥပဒေကြောင်းအရ ဆုံးဖြတ်ပေးဖို့ တောင်းဆိုတာပဲ ဖြစ်ပါတယ်။

၁၉၇၈ ခုနှစ်ကတည်းက ဒီစာချုပ်မှာ ပါဝင်လက်မှတ်ထိုးထားတဲ့ ဂမ်ဘီယာဟာ စာချုပ်ရဲ့ အပိုဒ် ၉ အရ ဒီအမှုကို တရားစွဲဆိုခဲ့တာပါ။ အဲဒီအပိုဒ်မှာ ဂျီနိုဆိုက်နဲ့ ပတ်သက်ပြီး နိုင်ငံတနိုင်ငံရဲ့ တာဝန်ရှိမှု အငြင်းပွားချက်တွေကို ICJ ဆီ တင်ပြခွင့်ရှိတယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါဟာ ကျူးလွန်ခံရမှုနဲ့ တိုက်ရိုက်မပတ်သက်တဲ့ နိုင်ငံတနိုင်ငံကနေ သဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံ ဖြစ်တာကို အကြောင်းပြုပြီး ICJ မှာ ပထမဆုံးအကြိမ် အမှုဖွင့် တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေနဲ့ တခြား တိုင်းရင်းသားလူနည်းစုတွေအပေါ် ဆယ်စုနှစ်ပေါင်းများစွာ ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတာ ခိုင်ခိုင်မာမာ မှတ်တမ်းတင်ထားပြီးသားပါ။ ဒါပေမဲ့ ဂမ်ဘီယာက ICJ မှာ အမှုမဖွင့်ခင် အချိန်အထိတော့ မြန်မာစစ်တပ်ရဲ့ ရက်စက်မှုတွေဟာ အရေးယူခံရခြင်းကနေ လွတ်ကင်းနေခဲ့ပါတယ်။ ဆယ်စုနှစ်ချီပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေတာကပဲ သူတို့ကို အခုလို ချိုးဖောက်မှုတွေ ဆက်လုပ်ဖို့ အားပေးအားမြှောက် ဖြစ်စေခဲ့တာပါ။

၂။ ဒီအမှုမှာ အခုချိန်ထိ ဘာတွေဖြစ်ခဲ့ပြီးပြီလဲ။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံထဲ ကျန်နေသေးတဲ့ ရိုဟင်ဂျာ ထောင်ပေါင်းများစွာကို ဂျီနိုဆိုက်‌အန္တရာယ်ကနေ ကာကွယ်ပေးဖို့ ဂမ်ဘီယာက တောင်းဆိုတဲ့ ကြားဖြတ်အရေးယူ ဆောင်ရွက်ချက်တွေအတွက် ICJ က ကြားနာမှုတွေ လုပ်ခဲ့ပါတယ်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှာတော့ ရိုဟင်ဂျာတွေအပေါ် ဂျီနိုဆိုက်လုပ်ရပ်အားလုံးကို တားဆီးဖို့ တရားရုံးက မြန်မာနိုင်ငံကို အမိန့်ချမှတ်ခဲ့ပါတယ်။ စစ်တပ်နဲ့ တခြား လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ အဲဒီလိုလုပ်ရပ်တွေ မကျူးလွန်အောင် တားဆီးဖို့နဲ့ အမှုနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို ထိန်းသိမ်းထားဖို့လည်း အမိန့်ပေးခဲ့ပါတယ်။

ဒါ့အပြင် ဒီကြားဖြတ်အမိန့်တွေကို ဘယ်လို လိုက်နာဆောင်ရွက်နေလဲ ဆိုတာကို ၄ လအတွင်း တရားရုံးကို အစီရင်ခံဖို့နဲ့ အဲဒီနောက် ၆ လတကြိမ် ပုံမှန်အစီရင်ခံဖို့လည်း အမိန့်ချခဲ့ပါတယ်။ မြန်မာနိုင်ငံက အစီရင်ခံစာ ၁၂ စောင် တင်သွင်းခဲ့ပါတယ်။ ICJ ရဲ့ ကြားဖြတ်အမိန့်တွေဟာ အမှုကိစ္စမှာ ပါဝင်တဲ့ နိုင်ငံတွေအနေနဲ့ မဖြစ်မနေ လိုက်နာရမဲ့ ဥပဒေပါပြဋ္ဌာန်းချက်တွေ ဖြစ်ပါတယ်။ ICJ ဥပဒေ အပိုဒ် ၄၁(၂) အရ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆီကိုလည်း အလိုအလျောက် ပေးပို့ပြီးသား ဖြစ်သွားပါတယ်။

မြန်မာနိုင်ငံက တင်သွင်းတဲ့ အစီရင်ခံစာတွေထဲမှာတော့ သူတို့အနေနဲ့ တရားရုံးရဲ့ အမိန့်တွေကို လိုက်နာဖို့ အစီအမံတချို့ လုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဥပမာ - ဂျီနိုဆိုက် သဘောတူစာချုပ်ကို လိုက်နာဖို့ သမ္မတရဲ့ ညွှန်ကြားချက် ၃ ခု ထုတ်ပြန်တာ၊ သက်သေအထောက်အထားတွေ ထိန်းသိမ်းတာ၊ အမုန်းစကားတွေ တားဆီးတာ၊ ရာဇဝတ်မှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အဖွဲ့ဖွဲ့စည်းတာနဲ့၊ နေရပ်ပြန်လည်လက်ခံရေးနဲ့ လူသားချင်းစာနာမှု အကူအညီတွေပေးဖို့ အစီအမံတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဂမ်ဘီယာဘက်ကတော့ မြန်မာရဲ့ အစီရင်ခံစာ တခုချင်းစီအပေါ် ပြန်လည်သုံးသပ်ချက်တွေ တင်ပြခဲ့ပြီး မြန်မာနိုင်ငံဟာ ICJ ရဲ့ အမိန့်တွေကို လိုက်နာတယ်လို့ “ကောက်ချက်ချစရာ အကြောင်းမရှိဘူး” လို့ ချေပခဲ့ပါတယ်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ဒီအမှုကို ပယ်ချပေးဖို့ မြန်မာနိုင်ငံဘက်က ကနဦး ကန့်ကွက်လွှာ တင်သွင်းတာကို ICJ က ကြားနာခဲ့ပါတယ်။ ၂၀၂၂ ဇူလိုင်လမှာတော့ တရားရုံးက မြန်မာဘက်က ကန့်ကွက်ထားတဲ့ အချက်တွေ အားလုံးကို ပယ်ချလိုက်ပါတယ်။ အထူးသဖြင့် ဂမ်ဘီယာဟာ OIC ရဲ့ “ကိုယ်စား” အမှုလာဖွင့်တာဖြစ်လို့ တရားစွဲဆိုခွင့် မရှိဘူးဆိုတဲ့ မြန်မာရဲ့ ငြင်းချက်ကို တရားသူကြီးတွေက ပယ်ချခဲ့ပါတယ်။ နှစ်နိုင်ငံကြား အငြင်းပွားမှု တကယ်ရှိနေတာကို အတည်ပြုပေးခဲ့ပါတယ်။ မြန်မာနိုင်ငံက ဂျီနိုဆိုက် သဘောတူစာချုပ် အပိုဒ် ၈ ကို လက်မခံဘူးလို့ ခြွင်းချက်လုပ်ထားပေမဲ့ ဒါက အမှုကို လက်ခံစစ်ဆေးဖို့ အတားအဆီး မဖြစ်ဘူးလို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂမ်ဘီယာ အနေနဲ့ စွပ်စွဲခံရတဲ့ ချိုးဖောက်မှုတွေနဲ့ တိုက်ရိုက် မပတ်သက်ရင်တောင်မှ သဘောတူစာချုပ်အရ တရားစွဲဆိုခွင့် အပြည့်အဝရှိတယ် ဆိုတာကိုလည်း အတည်ပြုပေးခဲ့ပါတယ်။

၂၀၂၀ အောက်တိုဘာလမှာ ဂမ်ဘီယာက အမှုအတွက် အသေးစိတ် လျှောက်လဲချက်ကို တင်သွင်းခဲ့ပါတယ်။ ၂၀၂၃ သြဂုတ်လမှာ မြန်မာဘက်က ချေပလွှာပြန်သွင်းခဲ့ပြီး ၂၀၂၄ မေလမှာ ဂမ်ဘီယာက ပြန်လည် ချေပလွှာ တင်သွင်းခဲ့ပါတယ်။

၂၀၂၆ ဇန်နဝါရီလမှာ ICJ ဟာ အမှုရဲ့ အဓိက အဆုံးအဖြတ်ပြုရာ အချက်အလက်တွေကို ကြားနာခဲ့ပါတယ်။ ၃ ပတ်ကြာ ကြားနာမှုအတွင်းမှာ ဂမ်ဘီယာနဲ့ မြန်မာ ဥပဒေကိုယ်စားလှယ်တွေဟာ ICJ တရားသူကြီးတွေ ရှေ့မှောက်မှာ အပြန်အလှန် လျှောက်လဲချက်တွေ၊ သက်သေအထောက်အထားတွေ တင်ပြခဲ့ကြပါတယ်။ သူတို့ရဲ့ လျှောက်လဲချက်တွေကို ခိုင်မာစေဖို့ သက်သေတွေနဲ့ ကျွမ်းကျင်သူတွေကိုပါ စစ်မေးတာတွေ လုပ်ခဲ့ပါတယ်။

ဒီအမှုမှာ ဝင်ရောက်စွက်ဖက်ခွင့်ကို နိုင်ငံပေါင်း ၁၁ နိုင်ငံကို ICJ က ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေဟာ အဓိက ကြားနာမှုတွေမှာတော့ မပါဝင်ခဲ့ပါဘူး။ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ယူကေ၊ မော်လ်ဒိုက်၊ ဆလိုဗေးနီးယား၊ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဘယ်လ်ဂျီယံနဲ့ အိုင်ယာလန်နိုင်ငံတွေဟာ ဂျီနိုဆိုက် သဘောတူစာချုပ် အဖွဲ့ဝင်တွေ ဖြစ်တဲ့အတွက် ICJ ဥပဒေ အပိုဒ် ၆၃ အရ စာချုပ်ကို အဓိပ္ပာယ်ဖွင့်ဆိုတဲ့ အပိုင်းလောက်မှာပဲ ဝင်ရောက်ဆွေးနွေးခွင့် ရခဲ့ကြတာပါ။

၃။ ဂမ်ဘီယာက တရားရုံးကို ဘာတွေ တောင်းဆိုထားတာလဲ။

ဂမ်ဘီယာဟာ မြန်မာနိုင်ငံက ဂျီနိုဆိုက် သဘောတူစာချုပ်ပါ တာဝန်ဝတ္တရားတွေကို ချိုးဖောက်ခဲ့တယ်လို့ ကြေညာပေးဖို့ ICJ ကို တောင်းဆိုထားပါတယ်။ အဲဒီအထဲမှာ ဂျီနိုဆိုက် ကျူးလွန်တာ၊ ကျူးလွန်ဖို့ ပူးပေါင်းကြံစည်တာ၊ ကျူးလွန်မှုမဖြစ်အောင် မတားဆီးတာနဲ့ သံသယရှိသူတွေကို တရားမစွဲဆိုတာတွေ ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ စာချုပ်ချိုးဖောက်မှု အားလုံးကို ရပ်တန့်ဖို့ တရားရုံးက အမိန့်ချပေးဖို့လည်း တောင်းဆိုထားပါတယ်။ “ဂျီနိုဆိုက်ကို အရေးယူမဲ့ သီးသန့် ရာဇဝတ်မှုဆိုင်ရာ ဥပဒေ” ပြဋ္ဌာန်းဖို့၊ ကျူးလွန်သူတွေကို အရည်အချင်းပြည့်မီတဲ့ တရားရုံးမှာ တရားစွဲဆိုဖို့နဲ့ ဂျီနိုဆိုက်ကျူးလွန်ဖို့ လူသိရှင်ကြား လှုံ့ဆော်တာတွေကို နှိမ်နင်းဖို့တွေလည်း ပါဝင်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နစ်နာကြေးတွေပေးဖို့ အမိန့်ချမှတ်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ အဲဒီအထဲမှာ အတင်းအကျပ် မောင်းထုတ်ခံရသူတွေကို သူတို့ရဲ့ မူလနေရပ်ဆီ ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းကင်း ပြန်လာခွင့်ပြုဖို့၊ ပိုင်ဆိုင်မှုတွေ ပြန်ပေးဖို့ ဒါမှမဟုတ် အစားထိုးပေးဖို့၊ မိသားစုတွေ ပြန်လည်ပေါင်းစည်းခွင့်ပေးဖို့၊ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကုစားပေးဖို့တွေ ပါဝင်ပါတယ်။ ပျောက်ဆုံးနေသူတွေကို ရှာဖွေပေးဖို့၊ သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို ရိုဟင်ဂျာတွေရဲ့ “ယဉ်ကျေးမှု၊ ဘာသာရေးထုံးစံ” တွေနဲ့အညီ ဖော်ထုတ်၊ ခွဲခြားပြီး ပြန်လည်မြှုပ်နှံခွင့်ပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။ ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံမှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကနေ ကာကွယ်ပေးဖို့၊ “ရိုဟင်ဂျာဆိုတဲ့ နာမည်နဲ့ ရပ်တည်ခွင့်” ပေးဖို့၊ မြန်မာနိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးဖို့နဲ့ နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့် ကန့်သတ်ထားတာတွေကို ဖယ်ရှားပေးဖို့တွေလည်း ပါဝင်ပါတယ်။

တကယ်လို့ အခြေအနေတွေအရ နဂိုအတိုင်း အပြည့်အဝ ပြန်လည်ကုစားပေးဖို့ မဖြစ်နိုင်ဘူးဆိုရင်တော့ လျော်ကြေးငွေ ဒါမှမဟုတ် “တခြား ကျေနပ်လောက်မဲ့ နည်းလမ်းတခုခု” နဲ့ နစ်နာကြေးပေးဖို့ တောင်းဆိုထားပါတယ်။

ဂမ်ဘီယာဟာ ဂျီနိုဆိုက်ရဲ့ တိုက်ရိုက် ကျူးလွန်ခံရသူ မဟုတ်ပေမဲ့လည်း စာချုပ်ကို ချိုးဖောက်ခံရတဲ့အတွက် ရိုဟင်ဂျာတွေအတွက် နိုင်ငံတကာဥပဒေအရ နစ်နာကြေး တောင်းဆိုပိုင်ခွင့် သူတို့မှာ ရှိတယ်လို့ ထုချေထားပါတယ်။ ဒီအချက်ကိုတော့ မြန်မာဘက်က ငြင်းခုံထားပါတယ်။

ဒါ့အပြင် ဂျီနိုဆိုက် စာချုပ်ကို နောက်ထပ် မချိုးဖောက်တော့ပါဘူးဆိုတဲ့ အာမခံချက်ပေးဖို့၊ ၂၀၂၀ ဇန်နဝါရီ ကြားဖြတ်အမိန့်ကို မြန်မာက မလိုက်နာခဲ့ဘူးလို့ ဆုံးဖြတ်ပေးဖို့နဲ့ ရိုဟင်ဂျာတွေ ခံစားခဲ့ရတဲ့ နစ်နာမှုတွေအတွက် နစ်နာကြေးပေးဖို့ကိုလည်း ဂမ်ဘီယာက တောင်းဆိုထားပါသေးတယ်။

၄။ ဒီအမှုမှာ တင်ပြထားတဲ့ အဓိက အငြင်းပွားချက်တွေက ဘာတွေလဲ။

ဂမ်ဘီယာဘက်က တင်ပြထားတဲ့ အဓိက အချက်တွေကတော့ ဂျီနိုဆိုက်လုပ်ရပ်တွေ ရခိုင်ပြည်နယ်မြောက်ပိုင်းက နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်းမှာ ဂျီနိုဆိုက် သဘောတူစာချုပ် အပိုဒ် ၂ အရ ဂျီနိုဆိုက် လုပ်ရပ်တွေ ဖြစ်ပွားခဲ့တယ်လို့ ဂမ်ဘီယာက စွပ်စွဲထားပါတယ်။ အဲဒီအထဲမှာ လူအုပ်စုဝင်တွေကို သတ်ဖြတ်တာ၊ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ပြင်းပြင်းထန်ထန် နာကျင်စေတာ၊ လူအုပ်စုတခုလုံး ဒါမှမဟုတ် တစိတ်တပိုင်းကို ရုပ်ပိုင်းဆိုင်ရာ ပျက်စီးသွားစေဖို့ ရည်ရွယ်ပြီး ဘဝရပ်တည်ရေး အခြေအနေတွေကို တမင်ဖျက်ဆီးတာ၊ ကလေးမမွေးဖွားနိုင်အောင် တားဆီးတဲ့ အစီအမံတွေ လုပ်တာတွေ ပါဝင်ပါတယ်။ ဒီလုပ်ရပ်တွေရဲ့ အတိုင်းအတာ၊ စနစ်တကျ လုပ်ဆောင်မှုနဲ့ ရက်စက်မှုတွေကို သက်သေပြနိုင်ဖို့အတွက် အဓိက ကြားနာမှုမှာ မင်းကြီး၊ ချွတ်ပြင်နဲ့ မောင်နု စတဲ့ ရိုဟင်ဂျာရွာ ၃ ရွာကို မြန်မာစစ်တပ်က တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်တွေကို ဂမ်ဘီယာက အဓိကထား တင်ပြခဲ့ပါတယ်။

ဂျီနိုဆိုက် ကျူးလွန်လိုသည့် ကြံရွယ်ချက် - မြန်မာစစ်တပ်ဟာ ဂျီနိုဆိုက် ကျူးလွန်ချင်တဲ့ ကြံရွယ်ချက်နဲ့ လုပ်ခဲ့တာဖြစ်ကြောင်း သက်သေပြဖို့ ICJ ရဲ့ ယခင်အမှုဟောင်းတွေနဲ့ တခြား နိုင်ငံတကာ တရားရုံးတွေရဲ့ စီရင်ထုံးတွေကို ဂမ်ဘီယာက ကိုးကားခဲ့ပါတယ်။ ရိုဟင်ဂျာတွေအပေါ် အလွန်အမင်း ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်တာ၊ အမုန်းစကားတွေကို မြန်မာအစိုးရက ခွင့်ပြုထားတာနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ လူသားချင်းစာနာမှု ဥပဒေ ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်တာတွေကို ထောက်ပြခဲ့ပါတယ်။ သက်သေအထောက်အထားတွေနဲ့ အခြေအနေတွေအရ ဂျီနိုဆိုက် ကျူးလွန်ချင်တဲ့ ကြံရွယ်ချက် ရှိနေတာကို “ခိုင်ခိုင်မာမာ သက်သေပြနေတယ်” လို့ ဆိုပါတယ်။ ပြီးတော့ “ဒီအချက်အလက်တွေကနေ ဆွဲထုတ်လို့ရတဲ့ တခုတည်းသော ကောက်ချက်” က မြန်မာနိုင်ငံဟာ ရိုဟင်ဂျာ လူမျိုးစုကို အလုံးစုံဖြစ်စေ၊ တစိတ်တပိုင်းဖြစ်စေ ဖျက်ဆီးပစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ဂမ်ဘီယာက အခိုင်အမာ ပြောဆိုပါတယ်။ (ဒါဟာ ၂၀၁၅ ခုနှစ်က ဆားဘီးယားနိုင်ငံကို ခရိုအေးရှားနိုင်ငံက တရားစွဲတဲ့ အမှုမှာ ICJ က သတ်မှတ်ခဲ့တဲ့ စံနှုန်းကို အသုံးပြုထားတာ ဖြစ်ပါတယ်။)

လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ရက်စက်တဲ့ စစ်ဆင်ရေးမှာ အဓိက အစိတ်အပိုင်းတခုအဖြစ် ပါဝင်ခဲ့တယ်လို့ ဂမ်ဘီယာက တင်ပြပါတယ်။ အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်တာနဲ့ လိင်အင်္ဂါတွေကို ဖြတ်တောက်ဖျက်ဆီးတာတွေ ပါဝင်ပါတယ်။ ဒီလုပ်ရပ်တွေဟာ သဘောတူစာချုပ်အရ ဂျီနိုဆိုက်လုပ်ရပ်တွေ မြောက်ရုံတင်မကဘဲ ဂျီနိုဆိုက် ကျူးလွန်ချင်တဲ့ ကြံရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ပြသနေတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေရဲ့ အတိုင်းအတာနဲ့ ပုံစံကို ကြည့်ရင် သူတို့ကို ဖျက်ဆီးပစ်ချင်တဲ့ ရည်ရွယ်ချက်ကို ညွှန်ပြနေတယ်လို့ ထောက်ပြထားပါတယ်။

မြန်မာဘက်က တင်ပြထားတဲ့ အဓိက အချက်တွေကတော့-

အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) - ၂၀၁၆-၂၀၁၇ စစ်ဆင်ရေးတွေဟာ မြန်မာ့လုံခြုံရေး တပ်ဖွဲ့တွေကို ARSA (အာဆာ) လို့ခေါ်တဲ့ အစွန်းရောက်အဖွဲ့က အကြမ်းဖက် တိုက်ခိုက်လို့ တန်ပြန်နှိမ်နင်းတဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးတွေသာ ဖြစ်တယ်လို့ မြန်မာဘက်က ချေပပါတယ်။ ARSA အဖွဲ့ဝင်တွေနဲ့ သူတို့ကို ထောက်ခံအားပေးတဲ့ ဒေသခံ ရွာသားတွေကိုပဲ စစ်တပ်က တုံ့ပြန်ခဲ့တာလို့ ဆိုပါတယ်။ ဂမ်ဘီယာရဲ့ လျှောက်လဲချက်တွေထဲမှာ ARSA ရဲ့ အန္တရာယ်ကို လျှော့ပေါ့ပြောဆိုထားတယ်၊ ARSA အဖွဲ့ဝင်တွေနဲ့ ထောက်ခံသူတွေ အကြောင်း ရည်ညွှန်းချက်တွေ သိပ်မပါဘူးလို့ မြန်မာက စွပ်စွဲထားပါတယ်။

ဂျီနိုဆိုက် ကျူးလွန်လိုသည့် ကြံရွယ်ချက်ကို ငြင်းဆိုခြင်း - သူတို့ရဲ့ အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေးတွေဟာ ဂျီနိုဆိုက် ကျူးလွန်ချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာပါဆိုတဲ့ ဂမ်ဘီယာရဲ့ စွပ်စွဲချက်ကို မြန်မာက ငြင်းဆိုပါတယ်။ ဒီအမှုမှာ အဲဒီလိုရည်ရွယ်ချက်ရှိကြောင်း တိုက်ရိုက် သက်သေအထောက်အထား မရှိဘူးလို့ ဆိုပါတယ်။ ဂမ်ဘီယာဟာ ICJ က သတ်မှတ်ထားတဲ့ “တခုတည်းသော ကောက်ချက်ဆွဲနိုင်တဲ့ စံနှုန်း” ကို ပြည့်မီအောင် မတင်ပြနိုင်ဘူးလို့ ထောက်ပြပါတယ်။ ဂမ်ဘီယာ အားကိုးနေတဲ့ ရည်ရွယ်ချက်ရှိကြောင်း ညွှန်ပြတဲ့ “အညွှန်းကိန်း (indicators)” တွေကိုလည်း မြန်မာက လက်မခံဘဲ အဲဒီအချက်တွေက ဂျီနိုဆိုက် ကျူးလွန်လိုတဲ့ ရည်ရွယ်ချက်ကို မထင်ဟပ်ဘူးလို့ ချေပပါတယ်။

သက်သေအထောက်အထားများ၏ တန်ဖိုး - ဂမ်ဘီယာ တင်ပြလာတဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ NGO တွေ၊ တခြားနိုင်ငံတွေနဲ့ မီဒီယာတွေဆီက ရထားတဲ့ အချက်အလက်တွေရဲ့ ခိုင်လုံမှုကို မြန်မာက ငြင်းချက်ထုတ်ထားပါတယ်။ အထူးသဖြင့် ဂမ်ဘီယာအမှုရဲ့ အဓိကကျောရိုး ဖြစ်နေတဲ့ ကုလသမဂ္ဂ အမှီအခိုကင်းသော နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးအဖွဲ့ (IIFFMM) ရဲ့ အစီရင်ခံစာတွေဟာ သက်သေအထောက်အထားအဖြစ် တန်ဖိုးမရှိဘူးလို့ ဆိုပြီး တရားရုံးအနေနဲ့ ဒီအစီရင်ခံစာတွေကို အလေးအနက် မထားသင့်ဘူးလို့ ချေပထားပါတယ်။

၅။ တရားရုံးရဲ့ စီရင်ချက်တွေကို ဘယ်လို အသက်ဝင်အောင် လုပ်မလဲ။

ICJ ဥပဒေ အပိုဒ် ၅၉ နဲ့ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း အပိုဒ် ၉၄(၁) အရ ICJ ရဲ့ စီရင်ချက်ဟာ အမှုမှာ ပါဝင်တဲ့ နိုင်ငံတွေအနေနဲ့ ဥပဒေအရ မဖြစ်မနေ လိုက်နာရမဲ့အရာ ဖြစ်ပါတယ်။ တကယ်လို့ နိုင်ငံတနိုင်ငံက စီရင်ချက်ကို မလိုက်နာဘူးလို့ နောက်တနိုင်ငံက ယူဆရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုင်ကြားနိုင်ပါတယ်။ လုံခြုံရေးကောင်စီ အနေနဲ့ ပဋိညာဉ်စာတမ်း အပိုဒ် ၉၄(၂) အရ “စီရင်ချက်ကို အသက်ဝင်စေဖို့ အကြံပြုချက်တွေ ပေးတာ ဒါမှမဟုတ် ဘာတွေလုပ်ဆောင်ရမယ် ဆိုတာကို ဆုံးဖြတ်တာတွေ” လုပ်ပိုင်ခွင့် ရှိပါတယ်။ ဒါပေမဲ့ လုံခြုံရေးကောင်စီဟာ အခုချိန်ထိ ဒီလုပ်ပိုင်ခွင့်ကို တကြိမ်မှ အသုံးမချဖူးသေးပါဘူး။

ကုလသမဂ္ဂ အထွေထွေညီလာခံအနေနဲ့ကတော့ ICJ ရဲ့ စီရင်ချက်ကို လိုက်နာဖို့ တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ပြီး နိုင်ငံရေးအရ ဖိအားပေးနိုင်ပါတယ်။ နိုင်ငံတနိုင်ငံချင်းစီ အနေနဲ့လည်း သက်ဆိုင်ရာ နိုင်ငံနဲ့ သူတို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကနေတဆင့် စီရင်ချက်ကို လိုက်နာလာအောင် ဖိအားပေးလို့ ရပါတယ်။

၆။ ဂမ်ဘီယာက ICJ မှာ အမှုဖွင့်ပြီးနောက်ပိုင်း မြန်မာနိုင်ငံက ရိုဟင်ဂျာတွေရဲ့ အခြေအနေ ဘယ်လိုပြောင်းလဲသွားလဲ။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က အနိုင်ရခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလ ရွေးကောက်ပွဲအပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာတော့ အဲဒီအချိန်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းခဲ့ပါတယ်။ ၅ နှစ်ကျော် ကြာပြီးတဲ့နောက်မှာတော့ မြန်မာစစ်ကောင်စီဟာ နိုင်ငံတဝန်းမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက် ကျူးလွန်နေဆဲပါ။ မင်းအောင်လှိုင်ဟာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွေမှာ အတုအယောင် ရွေးကောက်ပွဲတွေ ကျင်းပပြီး သူ့ကိုယ်သူ သမ္မတအဖြစ် ခန့်အပ်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နှောင်းပိုင်းကစပြီး စစ်ကောင်စီနဲ့ အာရက္ခတပ်တော် (AA) တို့ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြားမှာ ရိုဟင်ဂျာ အရပ်သားတွေ ကြားညပ်နေပါတယ်။ နှစ်ဖက်စလုံးက ဥပဒေမဲ့ သတ်ဖြတ်တာ၊ နေရာအနှံ့ မီးရှို့တာနဲ့ အတင်းအကျပ် စစ်သားစုဆောင်းတာတွေ အပါအဝင် ပြင်းထန်တဲ့ ချိုးဖောက်မှုတွေကို ကျူးလွန်နေကြပါတယ်။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် စစ်ရာဇဝတ်မှုတွေ၊ လူမျိုးရေးခွဲခြားတဲ့ ရာဇဝတ်မှုတွေ (Apartheid)၊ နှိပ်စက်ညှဉ်းပန်းတာနဲ့ လွတ်လပ်ခွင့် ပိတ်ပင်တာတွေကို ဆက်လက် ကျူးလွန်နေပါတယ်။ အခုအခါ ရခိုင်ပြည်နယ် အများစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) ကလည်း ရိုဟင်ဂျာတွေအပေါ် အဓမ္မခိုင်းစေတာ၊ မတရားဖမ်းဆီးတာ စတဲ့ ဖိနှိပ်မှုတွေကို တိုးမြှင့်လုပ်ဆောင်လာပြီး စစ်ရာဇဝတ်မှုမြောက်တဲ့ ကြီးလေးတဲ့ စစ်ဥပဒေ ချိုးဖောက်မှုတွေကို ကျူးလွန်နေပါတယ်။

၇။ မြန်မာစစ်တပ်ရဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တခြား ဘယ်လို တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ချက်တွေ ရှိနေသေးလဲ။

ICJ မှာ ဂမ်ဘီယာစွဲဆိုထားတဲ့ အမှုအပြင် ပြစ်မှုကျူးလွန်သူ တဦးချင်းစီကို နိုင်ငံတကာအဆင့်နဲ့ ပြည်တွင်းအဆင့်တွေမှာ တရားစွဲဆိုနိုင်ဖို့ တခြားကြိုးပမ်းမှုတွေလည်း ရှိနေပါတယ်။

အပြည်ပြည်ဆိုင်ရာဇဝတ်မှုတရားရုံး (ICC) ဟာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှု တချို့ကို ၂၀၁၉ နိုဝင်ဘာလကတည်းက စုံစမ်းစစ်ဆေးနေပါတယ်။ အဲဒီအချိန်က ICC တရားသူကြီးတွေဟာ ၇၄၀,၀၀၀ ကျော်လောက်ရှိတဲ့ ရိုဟင်ဂျာတွေကို ၂၀၁၇ ခုနှစ်မှာ ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ အတင်းအကျပ် နှင်ထုတ်ခဲ့တဲ့လုပ်ရပ် အပါအဝင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု တချို့ကို စုံစမ်းစစ်ဆေးခွင့် ပြုခဲ့ပါတယ်။ မြန်မာနိုင်ငံက ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်ပေမဲ့ အတင်းအကျပ် နှင်ထုတ်တဲ့ ရာဇဝတ်မှုဟာ ICC အဖွဲ့ဝင်နိုင်ငံ နယ်နိမိတ်ထဲမှာ ပြီးမြောက်သွားတာဖြစ်လို့ တရားရုံးမှာ စီရင်ပိုင်ခွင့်ရှိတယ်လို့ တရားသူကြီးတွေက အတည်ပြုခဲ့ပါတယ်။ ၂၀၁၆ နဲ့ ၂၀၁၇ ခုနှစ်တွေက ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ လုံလောက်တဲ့ ဆက်စပ်မှုရှိပြီး တရားရုံးရဲ့ စီရင်ပိုင်ခွင့်ထဲ အကျုံးဝင်မယ် ဆိုရင် နောင်ဖြစ်လာမဲ့ ရာဇဝတ်မှုတွေကိုပါ စုံစမ်းစစ်ဆေးနိုင်တယ်လို့ တရားသူကြီးတွေက ဆုံးဖြတ်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာတော့ ICC အစိုးရရှေ့နေက ၂၀၁၇ ခုနှစ်အတွင်း ရိုဟင်ဂျာတွေကို နှင်ထုတ်တာနဲ့ နှိပ်စက်ညှဉ်းပန်းတာတွေမှာ ပါဝင်ခဲ့တဲ့ မြန်မာစစ်ဦးစီးချုပ်ဟောင်း မင်းအောင်လှိုင် ကို ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဒီဖမ်းဝရမ်း တောင်းဆိုချက်အပေါ် ICC တရားသူကြီးတွေက လူသိရှင်ကြား ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တခုတည်းကသာ မြန်မာနိုင်ငံတွင်းက ရာဇဝတ်မှု အားလုံးကို ICC ဆီ လွှဲပြောင်း စစ်ဆေးခိုင်းနိုင်ပါတယ်။ စစ်ကောင်စီက ချိုးဖောက်မှုတွေ ဆက်တိုက် တိုးမြှင့်လုပ်ဆောင်နေတဲ့ ရခိုင်ပြည်နယ်နဲ့ တနိုင်ငံလုံးက ရာဇဝတ်မှု အားလုံးကို အပြည့်အဝ စစ်ဆေးနိုင်ဖို့အတွက် လုံခြုံရေးကောင်စီရဲ့ လွှဲပြောင်းပေးမှုဟာ အရမ်းကို အရေးကြီးနေပါတယ်။ ဒီလို လွှဲပြောင်းပေးလိုက်ရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေကိုပါ ICC က စစ်ဆေးပိုင်ခွင့် ရရှိသွားမှာပါ။

၂၀၁၉ နိုဝင်ဘာလမှာ ရိုဟင်ဂျာနဲ့ လက်တင်အမေရိက လူ့အခွင့်အရေး အဖွဲ့အစည်းတွေဟာ အာဂျင်တီးနားနိုင်ငံမှာ ပြစ်မှုဆိုင်ရာ တိုင်ကြားချက်တခု ဖွင့်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် မြန်မာနိုင်ငံရဲ့ ထိပ်တန်း စစ်ဘက်နဲ့ အရပ်ဘက် ခေါင်းဆောင်တွေကို စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုခဲ့တာပါ။ ဒီအမှုကို ကမ္ဘာလုံးဆိုင်ရာ တရားစီရင်ပိုင်ခွင့် (Universal Jurisdiction) မူဝါဒအရ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ ဒီမူဝါဒအရ ရာဇဝတ်မှုတွေကို ဘယ်နေရာမှာပဲ ကျူးလွန်ခဲ့သည်ဖြစ်စေ၊ ကျူးလွန်သူ ဒါမှမဟုတ် သားကောင်တွေရဲ့ နိုင်ငံသားဖြစ်တည်မှုက ဘာပဲဖြစ်နေပါစေ၊ နိုင်ငံတကာအဆင့် ကြီးလေးတဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်သူတိုင်းကို နိုင်ငံတွေက စုံစမ်းစစ်ဆေး တရားစွဲဆိုပိုင်ခွင့် ရှိပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှာတော့ အာဂျင်တီးနား ဖက်ဒရယ်တရားရုံးက မင်းအောင်လှိုင် အပါအဝင် လူ ၂၅ ယောက်ကို ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ကြီးလေးတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာတရားစီရင်ပိုင်ခွင့် မူဝါဒအရ အင်ဒိုနီးရှား၊ တီမောလက်စ်တေ၊ တူရကီ၊ ဖိလစ်ပိုင်နဲ့ ဒိန်းမတ်နိုင်ငံတွေက အရပ်ဘက် အဖွဲ့အစည်းတွေကလည်း အမှုဖွင့် တိုင်ကြားထားတာတွေ ရှိပါတယ်။ နော်ဝေ အာဏာပိုင်တွေကတော့ တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီဟာ မြန်မာစစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အားပေးကူညီခဲ့တယ်ဆိုတဲ့ သံသယနဲ့ စုံစမ်းစစ်ဆေးမှုတွေ စတင်နေပါတယ်။

၈။ မြန်မာနိုင်ငံအပေါ် ဂမ်ဘီယာရဲ့ အမှုဟာ ICJ မှာ ကြားနာနေဆဲ တခြား ဂျီနိုဆိုက် အမှုတွေနဲ့ ဘယ်လို ဆက်စပ်နေလဲ။

ဂမ်ဘီယာက မြန်မာကို စွဲထားတဲ့ အမှုအပြင် ဂျီနိုဆိုက် သဘောတူစာချုပ် ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ICJ မှာ ဆိုင်းငံ့နေတဲ့ နောက်ထပ် အမှု ၄ ခု ရှိပါသေးတယ်။ ယူကရိန်းနဲ့ ရုရှား - ၂၀၂၂ ဖေဖော်ဝါရီလမှာ ယူကရိန်းက ရုရှားကို ICJ မှာ တရားစွဲခဲ့ပါတယ်။ ဂျီနိုဆိုက် သဘောတူစာချုပ်ကို အဓိပ္ပာယ်ဖွင့်ဆိုတာ၊ အသုံးပြုတာနဲ့ လိုက်နာတာတွေနဲ့ ပတ်သက်ပြီး အငြင်းပွားမှု ရှိတယ်လို့ ဆိုပါတယ်။ ယူကရိန်းရဲ့ တောင်းဆိုချက်တွေထဲမှာ ရုရှားဟာ ယူကရိန်းကို စစ်ရေးအရ တိုက်ခိုက်ဖို့ အကြောင်းပြချက်အဖြစ် “ယူကရိန်းရဲ့ လူဟန့်နဲ့ ဒိုးနက် ဒေသတွေမှာ ဂျီနိုဆိုက်တွေ ဖြစ်ခဲ့တယ်ဆိုပြီး မှားယွင်းစွာ စွပ်စွဲခဲ့တယ်” လို့ တရားရုံးက ဆုံးဖြတ်ပေးဖို့ ပါဝင်ပါတယ်။ ရုရှားဘက်ကလည်း ယူကရိန်းကသာ စာချုပ်ကို ချိုးဖောက်ခဲ့တာလို့ ICJ ကို တန်ပြန် စွပ်စွဲထားပါတယ်။

တောင်အာဖရိကနဲ့ အစ္စရေး - ၂၀၂၃ ဒီဇင်ဘာလမှာ တောင်အာဖရိကက အစ္စရေးကို တရားစွဲခဲ့ပါတယ်။ အစ္စရေးဟာ ဂါဇာက ပါလက်စတိုင်းတွေအပေါ် ဂျီနိုဆိုက် ကျူးလွန်ခဲ့တယ်၊ ဒီလိုမဖြစ်အောင် မတားဆီးနိုင်ခဲ့ဘူးလို့ စွပ်စွဲထားပါတယ်။ အထူးသဖြင့် အစ္စရေး အရာရှိကြီးတွေနဲ့ တခြားသူတွေက ဂျီနိုဆိုက်ကျူးလွန်ဖို့ လူသိရှင်ကြား လှုံ့ဆော်ခဲ့တာကို အရေးမယူခဲ့ဘူးလို့ ဆိုပါတယ်။

နီကာရာဂွါနဲ့ ဂျာမနီ - ၂၀၂၄ မတ်လမှာ နီကာရာဂွါက ဂျာမနီကို တရားစွဲခဲ့ပါတယ်။ ဂျာမနီဟာ ဂါဇာက ပါလက်စတိုင်းတွေအပေါ် ဂျီနိုဆိုက်ကျူးလွန်မှုကို မတားဆီးနိုင်ခဲ့တဲ့အပြင် “ဂျီနိုဆိုက်မှာ သုံးမဲ့ စစ်လက်နက်ပစ္စည်းတွေ အပါအဝင် အကူအညီတွေကို အစ္စရေးကို ထောက်ပံ့ပေးခဲ့လို့” နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲထားပါတယ်။

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံနဲ့ ရဝမ်ဒါ - ၂၀၂၆ ဇွန်လမှာ ကွန်ဂိုက ရဝမ်ဒါကို တရားစွဲခဲ့ပါတယ်။ ရဝမ်ဒါဟာ ဂျီနိုဆိုက်စာချုပ်ပါ တာဝန်တွေ အပါအဝင် နိုင်ငံတကာ တာဝန်ဝတ္တရားတွေကို ချိုးဖောက်တယ်လို့ စွပ်စွဲထားပါတယ်။

အရင်တုန်းက ဘော့စနီးယားနဲ့ ခရိုအေးရှားတို့က ဆားဘီးယားကို တရားစွဲခဲ့တဲ့ အမှု ၂ ခုမှာ ဂျီနိုဆိုက်စာချုပ် ချိုးဖောက်မှုတွေကို ICJ က ဖြေရှင်းပေးခဲ့ပြီး အဲဒီကနေ ဂျီနိုဆိုက်နဲ့ ပတ်သက်တဲ့ သူတို့ရဲ့ ဥပဒေဆိုင်ရာ စီရင်ထုံး အများစုကို ဖန်တီးနိုင်ခဲ့ပါတယ်။ အခု မြန်မာအပေါ် ဂမ်ဘီယာက စွဲထားတဲ့အမှုမှာ တရားရုံးက သူတို့ရဲ့ လက်ရှိစီရင်ထုံးတွေကို ဘယ်လိုအသုံးချပြီး ဘယ်လိုအဓိပ္ပာယ် ဖွင့်ဆိုမလဲ ဆိုတာဟာ အနာဂတ်မှာ ပေါ်လာမဲ့ အလားတူ အမှုတွေအပေါ် ကြီးမားတဲ့ သက်ရောက်မှု ရှိသွားစေမှာ ဖြစ်ပါတယ်။

Source: HRW 

(နယူးယောက်အခြေစိုက် လူ့အခွင့်ရေးစောင့်ကြည့်အဖွဲ့ (HRW) က ထုတ်ပြန်ထားသည့် “Questions and Answers: International Court of Justice Judgment in Myanmar Genocide Case” ဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013