ICJ စီရင်ချက် မည်သို့ပင်ရှိစေကာမူ မြန်မာနှင့်ဆက်ဆံရေး ဆက်ထိန်းထားမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

မြန်မာနိုင်ငံဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က သမိုင်းဝင်ဆုံးဖြတ်ချက် ချမှတ်ခဲ့ပေမဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ သံတမန်ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းက ပြောကြားလိုက်ပါတယ်။
နိုဝင်ဘာ ၂၁ ရက်က မြို့တော် ဘန်ကောက်မှာရှိတဲ့ အစိုးရအိမ်တော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဝန်ကြီးချုပ် အနုထင်းက “ထိုင်းနိုင်ငံအနေနဲ့ နိုင်ငံအတွက် အကျိုးအရှိဆုံးဖြစ်စေမဲ့ ရပ်တည်ချက်မျိုးကိုပဲ ယူရပါမယ်” လို့ ပြောဆိုခဲ့တာပါ။
ICJ က ဘယ်လိုပဲဆုံးဖြတ်ပါစေ ထိုင်းနိုင်ငံအနေနဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားရမှာ ဖြစ်သလို တခြားနိုင်ငံတွေ အနေနဲ့လည်း သူတို့ရဲ့ ကိုယ်ပိုင်ချဉ်းကပ်မှု လမ်းစဉ်အတိုင်း လွတ်လပ်စွာ လုပ်ဆောင်ခွင့် ရှိပါတယ်လို့ ထိုင်းဝန်ကြီးချုပ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် အနုထင်းရဲ့ ဒီမှတ်ချက်စကားဟာ ထိုင်းနိုင်ငံရဲ့ သံတမန်ရေး ချဉ်းကပ်ပုံဟာ ICJ စီရင်ချက်ရဲ့ အနှစ်သာရနဲ့ ကိုက်ညီမှုရှိတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြောဆိုခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်ရဲ့ ပြောကြားချက်တွေကို ပိုမိုခိုင်မာစေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုအပြီး ချမှတ်ခဲ့တဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို ကိုးကားပြီး နိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ်က “မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံတာဟာ အပြုသဘောဆောင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလုပ်ငန်းစဉ်ကတဆင့် ကျနော်တို့ တောင်းဆိုနေတာက အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့ အပြီးတိုင် ရပ်တန့်ဖို့၊ သက်ဆိုင်သူ အားလုံးကြား ပြန်လည်သင့်မြတ်ရေး ရရှိဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအတွက် လမ်းဖွင့်ပေးဖို့ပဲ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီအဖြစ် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ သန်းကျော် ထည့်ဝင်ကူညီပေးနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။
သူဟာ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့မှာ ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင် နိုဝင်ဘာ ၁၂ ရက်က နေပြည်တော်ကို သွားရောက်ခဲ့ပြီး ၁,၅၀၁ မိုင် ရှည်လျားတဲ့ ထိုင်း-မြန်မာ နယ်စပ်တလျှောက် တင်းမာမှုတွေ လျှော့ချရေးနဲ့ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုတွေကို အရေးယူ ဆောင်ရွက်ရေးတို့အတွက် ဖိအားပေး ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဒီရပ်တည်ချက်ဟာ နိုဝင်ဘာ ၁၉ ရက် ICJ စီရင်ချက်အပြီး မြန်မာစစ်သံမှူးကို နှင်ထုတ်ကာ လန်ဒန်မြို့ရှိ မြန်မာသံအမတ်ကို ဆင့်ခေါ်သတိပေးခဲ့တဲ့ ဗြိတိန်လို အနောက်မဟာမိတ် နိုင်ငံတွေရဲ့ လုပ်ရပ်နဲ့ သိသိသာသာ ကွဲလွဲနေပါတယ်။
ဒါ့အပြင် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး သဘောတူစာချုပ်အရ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံတွေအနေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုကို တားဆီးဖို့နဲ့ ကျူးလွန်သူတွေကို တရားဝင်မှု ပေးအပ်တာမျိုး ရှောင်ကြဉ်ဖို့ တာဝန်ရှိတယ်ဆိုတဲ့ နိုင်ငံတကာ ဥပဒေပညာရှင်တွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေရဲ့ သတိပေးချက်တွေနဲ့လည်း ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။
မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ထိုင်းဝန်ကြီးချုပ်ရဲ့ ဖိတ်ကြားချက်အရ ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်ကနေ ၇ ရက်နေ့အထိ ဘန်ကောက်မြို့ကို ၂ ရက်ကြာ ခရီးစဉ် လာရောက်ခဲ့ပါသေးတယ်။
Source: Reuters











