ICJ စီရင်ချက်အကောင်အထည်ဖော်ရေး လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ရန် ပြင်သစ် တောင်းဆိုမည်

မြန်မာနိုင်ငံအနေနဲ့ အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) စီရင်ချက်ပါ တာဝန်ဝတ္တရားတွေကို လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် အဲဒီစီရင်ချက်ကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုခံရနိုင်တယ်လို့ ပြင်သစ်နိုင်ငံက သတိပေးလိုက်ပါတယ်။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်မဟုတ်ကြောင်းနဲ့ တရားစွပ်စွဲခံရတာလို့ စစ်အာဏာရှင် သမ္မတရုံး ဒုဝန်ကြီး ဒေါ်ခိုင်ခိုင်စိုးက သတင်းစာရှင်းလင်း ပြောဆိုခဲ့ပြီးနောက် ပြင်သစ်နိုင်ငံခြားရေးဌာနက နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန် သတိပေးလိုက်တာပါ။
ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ICJ က နိုဝင်ဘာ ၁၉ ရက်နေ့မှာ ချမှတ်ခဲ့တဲ့ စီရင်ချက်ကို ပြင်သစ်နိုင်ငံအနေနဲ့ သတိပြုမိကြောင်း၊ ICJ က ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဟာ အပြီးသတ်ဖြစ်သလို သက်ဆိုင်ရာ နှစ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ မဖြစ်မနေ လိုက်နာရမဲ့ ဆုံးဖြတ်ချက်တွေဖြစ်ပြီး နိုင်ငံတကာဥပဒေကို အပြည့်အဝ လေးစားလိုက်နာတဲ့အနေနဲ့ အကောင်အထည်ဖော်ရမှာ ဖြစ်တယ်ဆိုတာကို ပြင်သစ်နိုင်ငံက ထပ်လောင်းသတိပေး တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ဥရောပနှင့် နိုင်ငံခြားရေး ဝန်ကြီး ယန်းနိုရယ်ဘာရိုးရဲ့ ညွှန်ကြားချက်အရ ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာ့အရေး အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူကျင်းပပေးဖို့ တောင်းဆိုသွားမယ်လို့လည်း ပြောပါတယ်။
ပြင်သစ်နိုင်ငံအနေနဲ့ နိုင်ငံတကာဥပဒေအပေါ် ထားရှိတဲ့ ကတိကဝတ်နဲ့ ကုလသမဂ္ဂရဲ့ အဓိက တရားစီရင်ရေးအဖွဲ့အစည်းဖြစ်တဲ့ ICJ တရားရုံးအပေါ် မယိမ်းမယိုင် ထောက်ခံမှုကို ထပ်လောင်းအတည်ပြုတယ်၊ ၂၀၁၇ ခုနှစ်မှာ ရိုဟင်ဂျာတွေအပေါ် အကြမ်းဖက်မှုတွေ စတင်ဖြစ်ပွားခဲ့ချိန်ကတည်းက ပြင်သစ်နိုင်ငံအနေနဲ့ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ပြီး ဒီအခြေအနေကို လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းစဉ် ခေါင်းစဉ်ထဲမှာ ဆက်လက်ရှိနေစေဖို့ မိတ်ဖက်နိုင်ငံတွေနဲ့အတူ ကြိုးပမ်းလုပ်ဆောင်ခဲ့ပါတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေ သိသိသာသာ ဆိုးရွားလာခဲ့ပြီး လွန်ခဲ့တဲ့ ၅ နှစ်အတွင်း လူပေါင်း ၁ သိန်းနီးပါး သေဆုံးကာ လူဦးရေ ၄ သန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် ပြင်သစ်နိုင်ငံက အထူးစိုးရိမ်ပူပန်တယ်လို့လည်း ဆိုပါတယ်။
ဆက်လက်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ မရရှိမှုရဲ့ ပထမဆုံး သားကောင်တွေကတော့ ရိုဟင်ဂျာတွေ အပါအဝင် အရပ်သားပြည်သူတွေပဲ ဖြစ်တယ်၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ထောက်ခံကြောင်းကိုလည်း ပြင်သစ်နိုင်ငံက ထပ်လောင်းပြောကြားလိုတယ်လို့ ပြင်သစ်နိုင်ငံခြား ရေးဌာနက ထုတ်ပြန်ထားပါတယ်။
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို စွပ်စွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေး နိုင်ငံတကာ သဘောတူ စာချုပ်ကို ချိုးဖောက်ကျူးလွန်ခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က နိုဝင်ဘာ ၁၉ ရက် မှာ အပြီးသတ် ဆုံးဖြတ်ချက် အမိန့်ချခဲ့တာပါ။
စစ်အာဏာရှင်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခိုင်ခိုင်စိုးကတော့ ဒီအမှုစီရင်ချက်ချတာမှာ ICJ တရားသူကြီး ၁၅ ယောက်ထဲမှာ ၉ ယောက်ကပဲ သဘောတူပြီး ၆ ယောက်က သဘောမတူတဲ့အတွက် အားလုံးတညီတညွတ်တည်းဆုံးဖြတ်ချက်မဟုတ်ကြောင်းနဲ့ မျှတမှုမရှိဘူး လို့ ပြောပါတယ်။
Photo: Reuters











