ဥရောပတွင် စစ်ရေးရန်စမှုအားလုံး ရပ်တန့်ရန် ပူတင်ကို ထရမ့်ပ် တိုက်တွန်း
ဥရောပမှာ စစ်ရေးအရ ရန်စမှုတွေအားလုံး ရပ်တန့်ဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တိုက်တွန်းခဲ့တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က နိုဝင်ဘာ ၂၆ ရက်က သူပိုင်တဲ့ Truth Social လူမှုကွန်ရက်မှာ ရေးပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (APEC) ထိပ်သီးအစည်းအဝေးမှာ ပူတင်နဲ့တွေ့ဆုံစဉ် အခုလို တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။
ရုရှားနဲ့ ယူကရိန်းကြား စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက် အမြန်ဆုံးရရှိနိုင်ခြေ အများကြီး ရှိတယ်လို့လည်း ထရမ့်ပ်က ယုံကြည်နေပါတယ်။
“လစဉ် လူထောင်ချီ သေဆုံးနေကြပါတယ်။ တကယ့်သွေးချောင်းစီး သတ်ဖြတ်မှုကြီးပါပဲ” လို့ ထရမ့်ပ်က ရေးသားခဲ့ပါတယ်။
ဒါပေမဲ့ ဥရောပရဲ့ ဘယ်နယ်မြေတွေမှာ စစ်ရေးရန်စမှုတွေ ရပ်တန့်ဖို့ ပြောခဲ့သလဲ ဆိုတာကိုတော့ ထရမ့်ပ်က အတိအကျ ဖော်ပြမထားပါဘူး။
မကြာသေးခင်က NATO အဖွဲ့ဝင် ပိုလန်နိုင်ငံက သူ့ရဲ့လေပိုင်နက်ကို ရုရှားက ကျူးကျော်ခဲ့တယ်လို့ စွပ်စွဲထားပြီး ရုရှားဘက်ကတော့ ငြင်းဆိုထားပါတယ်။
နိုဝင်ဘာ ၂၅ ရက်ကလည်း ထရမ့်ပ်ဟာ NATO အတွင်းရေးမှူးချုပ် မာ့ခ်ရူတေနဲ့ ဖလော်ရီဒါပြည်နယ်မှာ တွေ့ဆုံခဲ့ပါတယ်။
စစ်ပွဲ ပိုမိုကျယ်ပြန့်လာစေမဲ့ လုပ်ရပ်တွေကို ရုရှားဘက်က ရှောင်ကြဉ်ဖို့နဲ့ စစ်ပွဲကို ငြိမ်းချမ်းတဲ့နည်းနဲ့ အမြန်ဆုံးဖြေရှင်းဖို့ နှစ်ဦးက ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ တွေ့ဆုံခဲ့စဉ်ကတော့ ထရမ့်ပ်က ပူတင်ကို သူ့ရဲ့မိတ်ဆွေလို့ ခေါ်ဆိုခဲ့တာကြောင့် ဥရောပခေါင်းဆောင်တချို့ရဲ့ ဝေဖန်မှုကို ခံခဲ့ရပါတယ်။
အမေရိကန်ရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ရုရှားနဲ့ ယူကရိန်းကြား ဆွေးနွေးပွဲတွေ ဒီလဆန်းပိုင်းမှာ ပြန်လည်စတင်ခဲ့ပေမဲ့ စစ်ပွဲအဆုံးသတ်နိုင်မဲ့ အလားအလာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။
Source: Reuters











