DVB Logo
Home
နိုင်ငံတကာ

တရုတ်အပါအဝင် နိုင်ငံနှင့် ဒေသ ၁၄ ခု အပေါ် ထရမ့်ပ်၏ စည်းကြပ်ခွန်သစ်များ ကြေညာ

DVB
·
November 26, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်ရဲ့ အဓိက ကုန်သွယ်ဘက်တွေဖြစ်တဲ့ တရုတ်၊ ဥရောပသမဂ္ဂ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့အပါအဝင် နိုင်ငံနဲ့ ဒေသ ၁၄ ခုရဲ့ သွင်းကုန်တွေအပေါ် စည်းကြပ်ခွန်သစ်တွေ ချမှတ်ဖို့ စီစဉ်ထားတယ်လို့ အမေရိကန်က နိုဝင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။

တရုတ်သွင်းကုန်တွေအပေါ် စည်းကြပ်ခွန် ၄၀ ရာခိုင်နှုန်းအထိနဲ့ ဗီယက်နမ်သွင်းကုန်တွေအပေါ် ၃၅ ရာခိုင်နှုန်းအထိ ကောက်ခံဖို့ အဆိုပြုထားပြီး ကျန်ကုန်သွယ်ဘက်တွေကိုတော့ ၂၀ ဒါမှမဟုတ် ၂၅ ရာခိုင်နှုန်း ကောက်ခံဖို့ ရှိနေပါတယ်။  အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားတို့လည်း ပါဝင်ပါတယ်။

ဒါပေမဲ့ အရင်က ချုပ်ဆိုထားတဲ့ ကုန်သွယ်ရေးသဘောတူညီချက်တွေကြောင့် တချို့နိုင်ငံတွေအပေါ် အမှန်တကယ် ကောက်ခံမဲ့ စည်းကြပ်ခွန်နှုန်းထားတွေက ပိုနည်းနိုင်ပါတယ်။

အရင်က ထရမ့်ပ်ချမှတ်ခဲ့တဲ့ အပြန်အလှန်စည်းကြပ်ခွန်တွေဟာ တရားမဝင်ဘူးလို့ အမေရိကန် တရားရုံးချုပ်က ဖေဖော်ဝါရီလမှာ ဆုံးဖြတ်ခဲ့ပြီးနောက် အခုတကြိမ်မှာတော့ ၁၉၇၄ ခုနှစ် ကုန်သွယ်ရေးဥပဒေ ပုဒ်မ ၃၀၁ ကို အခြေခံပြီး စည်းကြပ်ခွန်တွေ ချမှတ်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

ဒီစည်းကြပ်ခွန်သစ်တွေက အမေရိကန်အလုပ်သမားတွေအတွက် တန်းတူယှဉ်ပြိုင်နိုင်တဲ့ အခြေအနေ ဖန်တီးပေးနိုင်မယ်လို့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် ဂျေမီဆန်ဂရီယာက ပြောပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ စည်းကြပ်ခွန်သစ်တွေဟာ “နိုင်ငံရေးအရ ခြယ်လှယ်မှု” ဖြစ်တယ်လို့ ဝေဖန်ခဲ့ပြီး ဥရောပသမဂ္ဂနဲ့ ဗီယက်နမ်တို့ကလည်း ကန့်ကွက်ထားပါတယ်။

စည်းကြပ်ခွန်တွေကြောင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာနိုင်သလို ကမ္ဘာ့ကုန်သွယ်ရေးလည်း ထိခိုက်နိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။

သမ္မတသက်တမ်းဝက်လွှတ်တော်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီ ရှုံးနိမ့်ခဲ့ပေမဲ့ ထရမ့် ကတော့ သူ့ရဲ့ အဓိကကုန်သွယ်ရေးမူဝါဒကို ဆက်လက်အကောင်အထည်ဖော်နေပါတယ်။

စည်းကြပ်ခွန်သစ်တွေနဲ့ပတ်သက်ပြီး ဇန်နဝါရီ ၂၅ ရက်မှာ ကြားနာပွဲကျင်းပဖို့ ရှိနေပြီး လာမဲ့ နှစ်ဆန်းပိုင်းမှာ စတင်အသက်ဝင်လာနိုင်ပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013