ပါကစ္စတန်၏ ပထမဆုံးအာကာသယာဉ်မှူး တရုတ်ဒုံးပျံဖြင့် အာကာသစခန်းသို့ ထွက်ခွာ

ပါကစ္စတန်နိုင်ငံရဲ့ ပထမဆုံး အာကာသယာဉ်မှူး အပါအဝင် အာကာသယာဉ်မှူး ၃ ယောက် လိုက်ပါလာတဲ့ ရှန်းကျိုး-၂၄ အာကာသယာဉ်ကို တရုတ်နိုင်ငံက နိုဝင်ဘာ ၂၅ ရက်မှာ လွှတ်တင်လိုက်ပါတယ်။
အဲဒီအာကာသယာဉ်ကို ကျိုးချွမ် ဂြိုဟ်တုလွှတ်တင်ရေးစခန်းကနေ Long March-2F ဒုံးပျံနဲ့ လွှတ်တင်ခဲ့တာပါ။
အသက် ၄၀ အရွယ် လေယာဉ်မှူး မိုဟာမက် ဇီရှန်အလီဟာ အာကာသထဲ ရောက်ရှိတဲ့ ပထမဆုံး ပါကစ္စတန်နိုင်ငံသားနဲ့ တရုတ်နိုင်ငံရဲ့ ထျန်းကုန်းအာကာသစခန်းကို ရောက်ရှိတဲ့ ပထမဆုံး နိုင်ငံခြားသား ဖြစ်လာမှာပါ။
တရုတ်နဲ့ ပါကစ္စတန်တို့ဟာ ပြီးခဲ့တဲ့နှစ်က အာကာသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
“ပါကစ္စတန်နိုင်ငံရဲ့ နာမည်နဲ့ ပါကစ္စတန်ပြည်သူ သန်း ၂၅၀ ရဲ့ မျှော်လင့်ချက်တွေကို ကျနော့် ပခုံးပေါ်မှာ ထမ်းပိုးထားပါတယ်” လို့ အလီက ပြောပါတယ်။
အလီဟာ ထျန်းကုန်းအာကာသစခန်းမှာ ၅ ရက်ကနေ ၁၀ ရက်အထိ နေထိုင်ပြီး သိပ္ပံဆိုင်ရာ စမ်းသပ်မှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
အဲဒီနောက် ရှန်းကျိုး-၂၃ အာကာသယာဉ်နဲ့ ကမ္ဘာမြေဆီ ပြန်လာမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အာကာသနယ်ပယ်မှာ ဦးဆောင်နိုင်ဖို့ အမေရိကန်နဲ့ အပြိုင် ကြိုးပမ်းနေပါတယ်။
၂၀၂၄ ခုနှစ်ကလည်း ကမ္ဘာမြေကနေ မမြင်နိုင်တဲ့ လရဲ့မျက်နှာပြင်ဘက်ခြမ်းက မြေနမူနာတွေကို ကမ္ဘာမှာ ပထမဆုံးအဖြစ် တရုတ်နိုင်ငံက ယူဆောင်လာနိုင်ခဲ့ပါတယ်။
၂၀၃၀ ပြည့်နှစ် နောက်ဆုံးထားပြီး လပေါ်ကို လူသားတွေ စေလွှတ်နိုင်ဖို့လည်း တရုတ်နိုင်ငံက ရည်မှန်းထားပါတယ်။
Source: Reuters











