မိုင်းကိုင်တွင် ကျားဖြန့်တရုတ် ၂၅ ဦး ဖမ်းမိ

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်ထဲမှာ အွန်လိုင်းလိမ်လည်တဲ့ ကျားဖြန့်ဂိုဏ်းဝင် တရုတ်နိုင်ငံသား ၂၅ ယောက် ဖမ်းဆီးရမိတယ်လို့ စစ်အာဏာရှင် ပြန်ကြားရေးသတင်းမှာ ဖော်ပြပါတယ်။
မိုင်းကိုင်မြို့နယ်တွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ အွန်လိုင်း လိမ်လည် လောင်းကစားပြုလုပ်သူတွေ ယာယီလူနေတဲတွေ ဆောက်လုပ် အခြေပြု ခိုအောင်းနေကြောင်း သတင်းရလို့ နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ စစ်အာဏာရှင်စစ်ကြောင်းတွေက နိုဝင်ဘာ ၂၁ ရက် မနက်ပိုင်းက အဆိုပါနေရာကို သွားရောက်ရှာဖွေ စစ်ဆေးဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် မိုင်းကိုင်မြို့နယ်၊ လုံစံကျေးရွာမြောက်ဘက် မီတာ ၂၇၀၀ အကွာမှာ ယာယီတဲတွေ တွေ့ရပြီး ပတ်ဝန်းကျင်တဝိုက် နယ်မြေရှင်းလင်းရာမှာ အဲဒီနေရာနဲ့ မီတာ ၁၃၀၀ လောက်အကွာမှာ နောက်ထပ် ယာယီတဲအိမ် ၃ လုံးနဲ့ စားဖိုချောင်တလုံး တွေ့ရှိတယ်။
အဲဒီနေရာကနေ အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂၅ ယောက်တို့ကို လုပ်ငန်းအသုံးပြု ALL in One ကွန်ပျူတာနှစ်လုံး၊ ဖုန်းမျိုးစုံ ၃၉ လုံး၊ Starlink နှစ်လုံး၊ Power Station နှစ်လုံး၊ Gas မီးဖိုနှစ်လုံး၊ အင်တာနက်လိုင်းအားမြှင့်စက်နှစ်လုံး၊ Router တလုံးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူ ၂၅ ယောက်ဟာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကနေတဆင့် မြန်မာ-တရုတ် နယ်စပ်ကနေ တရားမဝင်ခိုးဝင်ကာ မြန်မာနိုင်ငံ ပန်ဆန်းမြို့ကို ဝင်ရောက်လာခဲ့တယ်၊ အဲဒီနောက် ဝမ်ဟိုင်း-ကျေးသီး-ပန်ပို-ဟမ်းငိုင် လမ်းကြောင်းကနေ မိုင်းကိုင်မြို့နယ်၊ လုံစံကျေးရွာအနီး ရောက်ရှိခဲ့ပြီး အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းတွေကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ပထမပတ်လောက်က စတင်လုပ်ကိုင်ခဲ့တယ်၊ လစာအနေနဲ့ တရုတ်ယွမ်ငွေ ၆,၅၀၀ လောက် ရမှာဖြစ်ပြီး အလုပ်လုပ်တာ ၁၅ ရက်ပဲ ရှိသေးတာကြောင့် လစာမရရှိသေးဘူးလို့ ဆိုပါတယ်။
သူတို့ဟာ ကွန်ပျူတာနဲ့ ဖုန်းတွေသုံးပြီး WE CHAT၊ MO MO နဲ့ QQ အက်ပ် စတဲ့ လူမှုကွန်ရက်ကနေမှတဆင့် ငွေကြေးကြွယ်ဝချမ်းသာသူ တရုတ်နိုင်ငံသားတွေကို အဓိက ပစ်မှတ်ထား ရှာဖွေရတယ်၊ ခင်မင်ရင်းနှီးမှုတည်ဆောက်ပြီး အကျိုးတူစီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ရင်းနှီးမြှုပ်နှံဖို့ လိမ်လည်ဆွဲဆောင်စည်းရုံးတာတွေ လုပ်ရတယ်၊ သဘောတူ လက်ခံပြီး အရင်းနှီးငွေတွေ ထည့်ဝင်လာတဲ့အခါ အဆက်အသွယ် ဖြတ်တောက်ပစ်တယ်၊ သူတို့ဟာ အွန်လိုင်း ဝက်ဘ်ဆိုက်အတုတွေနဲ့ Online Shop လုပ်ငန်းနဲ့ အောင်မြင်ကျော်ကြားနေတဲ့ လူပုဂ္ဂိုလ်တွေရဲ့ ပရိုဖိုင်းပုံ အကောင့်အတုတွေဖွင့်ပြီး ငွေကြေးလိမ်လည်ကြတာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ အွန်လိုင်းလိမ်လည်လောင်းကစားမှု ကျူးလွန်သူတွေကို စစ်ဆေးပြီး တည်ဆဲ ဥပဒေတွေနဲ့အညီ ထိရောက်စွာ ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်သွားမယ်၊ သိမ်းဆည်းရမိတဲ့ လုပ်ငန်းသုံးပစ္စည်းတွေကိုလည်း လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။











