တရုတ်နှင့် ဗီယက်နမ်တို့ ဘေဘူပင်လယ်ကွေ့၌ ၄၁ ကြိမ်မြောက် ပူးတွဲကင်းလှည့်မှု ပြီးစီး

တရုတ်နဲ့ ဗီယက်နမ် ရေတပ်တွေ ဘေဘူပင်လယ်ကွေ့မှာ ၄၁ ကြိမ်မြောက် ပူးတွဲကင်းလှည့်တာ နိုဝင်ဘာ ၂၁ ရက်က ပြီးစီးခဲ့ပါတယ်။
ရေယာဉ် ၄ စင်းပါတဲ့ ၂ ရက်ကြာ စစ်ဆင်ရေးအတွင်း စုစုပေါင်း ရေမိုင် ၃၅၁ မိုင်ခရီးကို နာရီပေါင်း ၃၂ နာရီကြာ ဖြတ်သန်းခဲ့ပါတယ်။
နှစ်ဖက်စလုံးက ကွပ်ကဲမှုအာဏာကို အလှည့်ကျရယူဆောင်ရွက်ခဲ့ပြီး သင်္ဘောသွားရာ လမ်းကြောင်းနဲ့ အမြန်နှုန်းလို အချက်အလက်တွေကို အပြန်အလှန် ဖလှယ်ခဲ့ကြသလို ပင်လယ်ပြင်က အခြေအနေတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့် လေ့လာခဲ့ကြပါတယ်။
ဒါ့အပြင် သူတို့ဟာ ဘေဘူပင်လယ်ကွေ့အတွင်း နိုင်ငံအသီးသီးက ငါးဖမ်းလှေတစင်းစီ အန္တရာယ်ကြုံတွေ့နေရတယ်လို့ ယူဆပြီး ပူးတွဲရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းတခုကိုလည်း လေ့ကျင့်ခဲ့ကြပါတယ်။
ဒီလေ့ကျင့်ခန်းဟာ ရှုပ်ထွေးတဲ့ အခြေအနေတွေအောက်မှာ ကွပ်ကဲမှုနဲ့ အရေးပေါ် တုံ့ပြန်ဆောင်ရွက်နိုင်စွမ်းတွေကို ထိထိရောက်ရောက် ပြသနိုင်ခဲ့ပါတယ်။
၂၀၀၅ ခုနှစ်မှာ တရုတ်နဲ့ ဗီယက်နမ်ရေတပ်တွေကြား ဘေဘူပင်လယ်ကွေ့မှာ ပူးတွဲကင်းလှည့်မှု ဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီးတဲ့ နောက်ပိုင်း ဒီကင်းလှည့်မှုတွေက ဆက်သွယ်ဆောင်ရွက်ဖို့ တည်ငြိမ်တဲ့ အခြေခံတခု ဖြစ်လာခဲ့ပါတယ်။
ဒီလေ့ကျင့်မှုဟာ ဗီယက်နမ်သမ္မတရဲ့ တရုတ်နိုင်ငံ အလည်အပတ် ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ရှန်ကျန်းမြို့မှာ ကျင်းပတဲ့ APEC စီးပွားရေးခေါင်းဆောင်များ အစည်းအဝေးအပြီးမှာ ဗီယက်နမ်သမ္မတ တိုလမ်ဟာ ကြာသပတေးနေ့ကနေ သောကြာနေ့အထိ ၂ ရက်တာ တရားဝင်ခရီးစဉ်အတွင်း တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ယူနန်ပြည်နယ်ဆီ သွားရောက် လည်ပတ်ခဲ့ပါတယ်။
မြို့တော် ကူမင်းမှာ ကျင်းပတဲ့ ထုတ်ကုန်ပြပွဲကိုလည်း လေ့လာခဲ့ပါတယ်။ ကူမင်းမြို့မှာကျင်းပတဲ့ ဗီယက်နမ် - တရုတ်အနောက်တောင်ပိုင်း မဟာဗျူဟာမြောက် ဖွံ့ဖြိုးတိုးတက်မှု ချိတ်ဆက်ရေး ဖိုရမ် ကိုလည်း တက်ရောက်ပြီး မူဝါဒတွေ ညှိနှိုင်းဆောင်ရွက်ခြင်း၊ အခြေခံအဆောက်အအုံတွေ အဆင့်မြှင့်တင်ခြင်း၊ ကုန်သွယ်ရေးနဲ့ နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေဖို့လိုတယ်လို့ ဗီယက်နမ်သမ္မတက အလေးပေးပြောခဲ့ပါတယ်။
အထူးသဖြင့် နယ်စပ်ဖြတ်ကျော် မီးရထားလမ်း ဆက်သွယ်မှုတွေ ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်မြှင့်တင် ဆောင်ရွက်ကြဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းခဲ့ပါတယ်။
Source: Reuters











