အမေရိကန်ထက် တရုတ်နှင့် ဆက်ဆံရပိုလွယ်ကူဟု မလေးဝန်ကြီးချုပ်ပြော
အမေရိကန်ထက် တရုတ်နဲ့ ဆက်ဆံရတာ ပိုလွယ်ကူပေမဲ့ မလေးရှားအစိုးရဟာ ဘယ်ဘက်ကိုမှ မယိမ်းဘူးဆိုတဲ့ ရပ်တည်ချက်ကို ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်က South China Morning Post သတင်းစာနဲ့ အင်တာဗျူးမှာ ပြောပါတယ်။
တရုတ်နိုင်ငံ ရှန်ကျန်းမြို့မှာ သမ္မတ ရှီကျင့်ဖျင်နဲ့ ၂ နိုင်ငံဆွေးနွေးပွဲ မကျင်းပခင် ဖြေဆိုခဲ့တဲ့ အင်တာဗျူးမှာ အခုလို မှတ်ချက်ပေးခဲ့တာပါ။
မလေးရှားဟာ အမေရိကန်နဲ့ နီးစပ်လွန်းတယ်လို့ တရုတ်က ဘယ်တုန်းကမှ စောဒကမတက်ဘူးသလို အမေရိကန်နဲ့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း ဟန့်တားတာမျိုး မရှိဘူးလို့ အန်ဝါက ပြောပါတယ်။
တရုတ်ဟာ အိမ်နီးချင်းနိုင်ငံဖြစ်သလို ယဉ်ကျေးမှုချင်းလည်း ပိုရင်းနှီးပြီး တရုတ်ခေါင်းဆောင်တွေက မလေးရှားရဲ့ စိုးရိမ်ချက်တွေကို အချိန်ပေး နားထောင်ပေးတယ်လို့ ဆိုပါတယ်။
မနှစ်က မလေးရှားနိုင်ငံကို လာရောက်ခဲ့တဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် ကလည်း မလေးရှားဟာ တရုတ်ဘက်ကို ယိမ်းနေတယ်လို့ သူ့ကို ပြောခဲ့ဖူးကြောင်း အန်ဝါက ဖွင့်ဟပါတယ်။
“တရုတ်နဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတာက အမေရိကန်နဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်ဖို့ အဟန့်အတား မဖြစ်စေပါဘူး” လို့ အန်ဝါက ပြောပါတယ်။
အမေရိကန်ကတော့ တရုတ်ပိုင် ဒေတာစင်တာတွေမှာ အသုံးပြုမှာကို စိုးရိမ်တဲ့အတွက် မလေးရှားနဲ့ တခြား အရှေ့တောင်အာရှနိုင်ငံ ၃ နိုင်ငံကို အဆင့်မြင့် AI ချစ်ပ်တွေ တင်ပို့မှု ပြီးခဲ့တဲ့သီတင်းပတ်က ကန့်သတ်ခဲ့ပါတယ်။
အဲဒီကန့်သတ်ချက်တွေကြောင့် ၂၀၂၁ ခုနှစ်ကတည်းက အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ နီးပါး ရင်းနှီးမြှုပ်နှံမှုရရှိထားတဲ့ မလေးရှားရဲ့ ဒေတာစင်တာလုပ်ငန်းတွေ တိုးတက်မှု နှေးကွေးသွားနိုင်ပါတယ်။
အမေရိကန်ကုမ္ပဏီတွေက AI ချစ်ပ်တွေ တရုတ်နိုင်ငံဆီ တဆင့်ပြန်တင်ပို့တာမျိုး မရှိအောင် မလေးရှားက စောင့်ကြည့်သွားမယ်လို့ အန်ဝါက ပြောပါတယ်။
ဒါပေမဲ့ အဲဒီကန့်သတ်ချက်တွေကြောင့် တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုတွေကို လက်ခံတာတွေ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့လည်း ပြောပါတယ်။
Source: Reuters











